မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေမှု တပတ်ခန့် ကြာမြင့်လာပြီ ဖြစ်

 

ဇူလိုင် ၆ – ၂၀၂၄
SN (VOM)

မန္တလေးတိုင်း၊ မိုးကုတ် – သပိတ်ကျင်း ကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေတာဟာ တပတ်ခန့် ကြာမြင့်လာပြီဖြစ်တယ်လို့ သပိတ်ကျင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဇွန် ၃၀ ရက်၊ မနက်အစောပိုင်းမှစတင်ကာ မိုးကုတ်မြို့ကိုစွန့်ခွာပြီး မန္တလေးဘက်ကို ရှောင်တိမ်းလာကြတဲ့ ပြည်သူ ထောင်နဲ့ချီ သပိတ်ကျင်းမြိုနယ်၊ ဇရပ်ကွင်းကျေးရွာမှာ ပိတ်မိနေကြတာဖြစ်ပြီး နစကနဲ့ အတက်အဆင်းလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် မန္တ‌လေးကိုလည်း ဆင်းမရ၊ မိုးကုတ်ကိုလည်း ပြန်တက်မရ ဖြစ်နေတယ်လို့ အဲဒီ ဒေသခံတွေက ပြောပါတယ်။

“သူတို့ကို ဒီက ဒေသခံတွေကပဲ အလှူခံပြီး ချက်ကျွေးနေရတာပေါ့။ ပိတ်မိနေတဲ့ သူတွေက အများကြီးပဲ။ မိုးကုတ် မြို့တဝက်နီးပါးပဲ။ အခု ဆန်မလောက်တော့ဘူး။ ရေရှည် ပိတ်မိနေမယ်ဆိုရင်‌တော့ စားရေး၊ သောက်ရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်” လို့ သပိတ်ကျင်း ဒေသခံက ပြောပါတယ်။

လက်ရှိမှာ နစကတပ်ဖွဲ့တွေက အရပ်သားကားတွေကို အသုံးပြုပြီး မိုးကုတ်ဘက် စစ်ကူလာနေတယ် ဆိုတဲ့ သတင်းတွေကြောင့် မိုးကုတ်အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ပူးပေါင်းတပ်တွေက စစ်ရှောင်ကားတွေကို ပေးမထွက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလို စစ်ဘေးရှောင်တွေ ရေရှည်ပိတ်မိနေပါက ကားလမ်းတွေပိတ်နေပြီး ဆန်နဲ့ဆီ ဝယ်ယူဖို့ ခက်ခဲလာနိုင်တဲ့အတွက် ရိက္ခာ ပြတ်တောက်လာနိုင်တယ်လိုလည်း ကူညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်ဒေသခံတွေဟာ မတိမ်းရှောင်ဘဲ နေအိမ်မှာ ကျန်နေသေးသူတွေလည်း ရှိနေသလို တိမ်းရှောင်လာကြပေမယ့်လည်း လမ်းမှာ ပိတ်မိနေတဲ့ သတင်းတွေကြောင့် ဆက်မသွားတော့ဘဲ နေရပ်ကို လှည့်ပြန်ကြတဲ့သူတွေလည်း ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စလို့ မိုးကုတ်မြို့က နစက စခန်းတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF တပ်ရင်း၊ တပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF ၊ မိုးကုတ်ဗျုဟာ၊ PDF (513) တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ (မိုးကုတ်) တို့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာ TNLA အနေနဲ့ မိုးကုတ် (အနောက်ပိုင်း) ကျပ်ပြင်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ မိုးကုတ်မြို့ကိုသိမ်းနိုင်ဖို့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မနေ့ ဇူလိုင် ၅ ရက်မှာ မိုးကုတ်မြို့ (အနောက်ပိုင်း)၊ ကျပ်ပြင်မြို့က ဒေသခံပြည်သူတွေ ပုံမှန်အတိုင်း သွားလာလှုပ်ရှား၊ ရောင်းဝယ် ဖောက်ကားနေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

 

လက်ရှိမှာ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ မိုးကုတ်မြို့ (အနောက်ပိုင်း) ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပေမယ့် နစကရဲ့ ဗျူဟာကုန်း၊ မိုးကုတ်မြို့မရဲစခန်းနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေ ရှိတဲ့ မိုးကုတ်မြို့ (အရှေ့ပိုင်း) ကိုတော့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW