ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေအားလုံးကို တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်မှာ အစည်းအဝေးခေါ်

 

ဇူလိုင် ၁၀ – ၂၀၂၄
SN (VOM)

နစက က ပုဂ္ဂလိကဘဏ်တွေရဲ့ ပိုင်ရှင်တွေ အားလုံးကို နေပြည်တော်မှာ လာရောက်တွေ့ဆုံဖို့  ခေါ်ယူလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးကို ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်မှာ ခေါ်ယူထားခြင်းဖြစ်ပြီး နစကရဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့အတူ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို ပုဂ္ဂလိကဘဏ်တွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဘဏ်တွေက ချေးငွေထုတ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေါ်တွေ့တာလို့လည်း ကြားတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးနိုင်သလို တခြား ကိစ္စတွေလည်း ပါနိုင်တယ်။ ဘဏ်တွေကနေ အိမ်ယာချေးငွေနဲ့ ပတ်သက်ပြီး အရေးယူမယ်လို့လည်း ပြောထားတာ ရှိတယ်။ လတ်တလောမှာလည်း တချို့ ဘဏ်လုပ်ငန်းရှင်တွေ ခေါ်ယူ မေးမြန်းခံနေရတာ ရှိတယ်။ အခြေအနေတွေက ဘယ်လိုလာဦးမလဲ မသိဘူး။ စောင့်ကြည့်ရမှာပဲ” လို့ ဘဏ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နစက က ဘဏ်လုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး အဲဒီလိုစစ်ဆေးတာမှာ ဘဏ်ချေးငွေပမာဏ များစွာ ရယူထားတဲ့ ဘဏ်တွေနဲ့ ဘဏ်ပိုင်ရှင်တွေနဲ့ ဆက်စပ်နေတဲ့ ချေးငွေကိစ္စတွေ ပါဝင်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ နစက က ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ်ခုနစ်ခုနဲ့ တာဝန်ရှိသူတွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် အိမ်ရာချေးငွေတွေ ထုတ်ချေးခဲ့တဲ့အတွက် အရေးယူမှာဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာခဲ့ပြီးတဲ့နောက် ဇူလိုင် ၂ ရက်နေ့ကစလို့ ငွေအပ်ထားတဲ့ ပြည်သူတွေ ငွေထုတ်ယူမှု များပြားလာတာကြောင့် ပုဂ္ဂလိကဘဏ်တချို့အနေနဲ့ စပါယ်ရှယ်အကောင့်က ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးနေတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေက ဘဏ်စာရင်းအသစ် (Special Account) ကနေ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က ပြန်လည် ဖြေရှင်းထားပါတယ်။

ဘဏ်တခုအတွင်းက ငွေစာရင်းတွေအချင်းချင်း (ဒါမှမဟုတ်) မတူညီတဲ့ ဘဏ်တွေကနေ ငွေစာရင်းအချင်းချင်းကြား စာရင်းလွှဲပြောင်းခြင်း (Account Transfer) ကို ပိုမိုအသုံးပြုဖို့ကိုလည်း ဗဟိုဘဏ်က ပန်ကြားထားပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ လူပုဂ္ဂိုလ်ကနေ ရောင်းချသူကို ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းနဲ့ တရက်ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုကို တကြိမ်မှာ ကျပ် ၁၀ သိန်းနဲ့ တရက်မှာ အများဆုံး ကျပ်သိန်း ၅၀ အထိ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဗဟိုဘဏ်က အသိပေးထားပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပြည်သူတွေက ဘဏ်တွေကနေ စုပြုံ ငွေထုတ်ယူခြင်းတွေကြောင့် ဘဏ်စနစ်ပြိုလဲပြီး တိုင်းပြည်စီးပွားရေး ပြိုလဲမှာကို စိုးရိမ်တဲ့အတွက် နစက က ဘဏ်တွေကို အကူအညီတွေ ပေးခဲ့တယ်လို့ နစကရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ဒီဘဏ်စနစ်ပြိုလဲသွားရင် တိုင်း ပြည်စီးပွားရေး ပြိုလဲမှာဖြစ်တဲ့အတွက် ဘဏ်တွေ၊ အခုလက်ရှိ ရှိနေတဲ့ဘဏ်တွေကို အကူအညီပေးခဲ့ရတယ်။ အကူအညီပေးနိုင်သမျှ အကူအညီတွေအားလုံးကို ပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုချိန်မှာ အဲဒီအထဲက တချို့သောဘဏ်တွေကလည်း သိပ်တော့လည်း သစ္စာတော့ မရှိဘူး” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ဖူးပါတယ်။

နစကအနေနဲ့ ဒေါ်လာနဲ့ ရွှေရောင်းဝယ်သူတွေ၊ စားအုန်းဆီ တင်သွင်းရောင်းချသူတွေ၊ ဆန်ပြည်ပတင်ပို့သူနဲ့ ရောင်းဝယ်သူတွေ စသဖြင့် လုပ်ငန်းရှင်တွေကို အရေးယူမှုတွေ ပြုလုပ်နေရာမှ လက်ရှိမှာ ဘဏ်လုပ်ငန်းရှင်တွေကိုပါ ဆက်လက် အရေးယူမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နစက #ပုဂ္ဂလိက #ဘဏ်ပိုင်ရှင် #အားလုံး #နေပြည်တော် #လျှို့ဝှက် #ခေါ်ယူ

Related posts

Leave a Comment

VOM News

FREE
VIEW