မြစ်ကြီးနားရေကြီးမှု လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ်

ဇူလိုင် ၁၁ – ၂၀၂၄
GG (VOM)

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရေကြီးနစ်မြုပ်မှုဖြစ်စဥ်အတွင်း ဒေသခံလူ ၁၀ ယောက်ထက်မနည်း သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

အဆိုပါ သေဆုံးရုပ်အလောင်းတွေကရေစီးနဲ့အတူမျောပြီး ရေကျသွားချိန်မှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေထဲကမိသားစုဝင်တွေနဲ့အဆက်အသွယ်ရတာရှိသလို ပိုင်ရှင်မဲ့ရုပ်အလောင်းတွေလည်းပါတယ်လို့သိရပါတယ်။

” ကျွန်တော်တို့အသင်းကတင် ငါးလောင်းကောက်ရတယ်။အမျိုးသားတွေချည်းပဲ။ကျန်တဲ့အသင်းတွေလည်း ကောက်တာရှိတယ်။ငါးလောင်းထဲမှာ တယောက်ကပိုင်ရှင်မဲ့ဖြစ်ပါတယ်။ ” လို့ မြစ်ကြီးနား အခြေစိုက်လူမှုကူညီရေးအသင်းတခုကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၁ ရက်နေ့မှာစပြီး မြစ်ရေအတက်ကြမ်းကာ ရေတွေစတင်ဝင်ရောက်ပြီး နေအိမ်တွေအလုံးလိုက်မျောပါခြင်း၊အိမ်မြုပ်တဲ့အထိရေအတက်ကြမ်းတာကြောင့် တမြို့လုံးအထိအခိုက်အပျက်အစီးများခဲ့သလို ရေစီးနဲ့မျောပါသေဆုံးသူတွေအထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” အိမ်တွေ၊ ဘုရားကျောင်းတွေပျက်စီးတာရှိတယ်။အခုရေပြန်ကျသွားတော့လည်း သေတဲ့သူတွေတွေ့ရတယ်။ကျွန်တော်တို့အသင်းက အလောင်း တခုကောက်ခဲ့ရတယ်။ကျန်အသင်းတွေလည်းကောက်ရတာတွေရှိတယ်။အခုရေပြန်ကျပေမယ့် တချို့ရေဘေးသင့်သူတွေအိမ်မပြန်နိုင်သေးဘူး ။အကူအညီတွေလိုအပ်နေတုန်းပဲ ။ရေကပေါင်လောက်အထိရှိတဲ့နေရာရှိသေးတယ်။မြစ်ဘေးတလျှောက်ပေါ့။ ” လို့ နောက်ထပ် လူမှုကူညီရေး အသင်းဝင်တယောက်ကပြောပါတယ်။

လက်ရှိမြစ်ကြီးနားမြို့နယ်မှာ မြစ်ရေပြန်ကျသွားတဲ့ ရပ်ကွက်နေထိုင်သူတွေက နေရပ်ပြန်တာရှိသလို ရေမကျသေးတဲ့နေရာတွေက ကယ်ဆယ်ရေးစခန်းမှာပဲရှိနေသေးတာကြောင့် အစားအစာတွေအပြင် အကူအညီတွေလိုအပ်နေသေးတယ်လို့သိရပါတယ်။

မြစ်ရေကျပြီးနောက်တင်ကျန်ခဲ့တဲ့ ရွှံ့နူန်းတွေနဲ့ အမှိုက်သရိုက်အပါ အပျက်အစီးတွေကို ရှင်းလင်းမှုပြန်လည်ထူထောင်ရေးအပိုင်းမှာလည်းအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့ရေကြီးနစ်မြုပ်မှုအခြေအနေက မြန်ဆန်လွန်းပြီးရေအတက်ကြမ်းခဲ့တာကြောင့် အရေးပေါ်ရင်ဆိုင်ခဲ့ရလို့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေပျက်စီးခဲ့ရသလို အထည်ဆိုင်တွေလည်းပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #မြစ်ကြီးနား #ရေကြီးမှု #သေဆုံးသူတွေရှိ #ပြန်လည်ထူထောင်ရေးလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW