တိုက်ပွဲတွေကြောင့် စဉ့်ကူး တမြို့လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေ ပြော

 

ဇူလိုင် ၂၁ – ၂၀၂၄
SN (VOM)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့မှာ တိုက်ပွဲတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားပြီး လူအသေအပျောက်တွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ မတ္တရာမြို့မြောက်ဘက်၊ စဉ့်ကူးမြို့နယ်မှာ နစကတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ကြား ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်လာခြင်းဖြစ်ပြီး အခု ဇူလိုင်လ ဒုတိယပတ်မှာတော့ မြို့ပေါ်အထိ တိုက်ပွဲတွေ ကူးစက်ခဲ့ကာ ဇူလိုင် ၁၄၊ ၁၅၊ ၁၆ ရက်တို့မှာ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဉ့်ကူးမြို့က အထင်ကရ ရွှေမုဋ္ဌောဘုရားကြီးလည်း ပျက်စီးသွားတယ်။ တမြို့လုံးနီးပါးပါပဲ၊ ပျက်စီးကုန်တာ။ မြို့ထဲမနေရဲလို့ တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ရှောင်သွားကြတဲ့သူတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ရှောင်အများစုမှာ စဉ့်ကူးမြို့အရှေ့ဘက် လက်ပန်လှရွာ၊ နွယ်ရုံရွာနဲ့ ပင်လယ်ကြီးကျေးရွာတွေဆီ ဖြန့်ခွဲ စစ်ရှောင်နေကြပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက်မှာ အမှတ် (၁) ရပ်ကွက်နဲ့ ရှမ်းတောဝိုင်းရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တမြို့လုံးနီးပါး ပျက်စီးသွားတာဆိုတော့ သေတဲ့လူတွေကတော့ အများကြီး ရှိနိုင်တယ်။ အတိအကျတော့ ပြောလို့မရဘူး။ သုံးရက်လောက်က တိုက်ပွဲတွေ အရမ်း ပြင်းထန်ခဲ့တာ။ တမြို့လုံး ပျက်စီးတာပဲ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့က နစက စခန်းတွေအားလုံးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF က မနေ့ ဇူလိုင် ၂၀ ရက်မှာထုတ်ပြန်ခဲ့ပြီး တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့လို့ မြို့နေ ဧရိယာတွေ၊ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

MDY-PDF ရဲ့ ထုတ်ပြန်ချက်အပြီးမှာတော့ နစကဘက်က အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter- Terrorism Operation) အဖြစ် စဉ့်ကူးမြို့အတွင်းနဲ့ အနီးပတ်ဝန်းကျင်ကို ဇူလိုင် ၁၉ ရက်နေ့က ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မနေ့ ဇူလိုင် ၂၀ ရက်မှာ အဲဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစလို့ “၁ဝ၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေရှိ နစကစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအ၀င် TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေးတိုင်း #စဉ့်ကူး #တိုက်ပွဲကြောင့် #တမြို့လုံးနီးပါး #ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW