မေ၇၊၂၀၂၅
Ms(VOM)
ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေ ထိုင်တဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်ေကျာင်းသူ မိန်းကလေး နှစ်ယောက်ကို အိမ်တိုင်ရာရောက် တရုတ်မယား လုပ်ရန် လာရောက်စည်းရုံးသူတရုတ်နိုင်ငံသားကို အလုပ်နဲ့ ထောင်ဒဏ် ၁၃ နှစ် ၊ စကားပြန် လင်မယားကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလအတွင်းက လေဆိပ်မှာဖမ်းမိခဲ့တဲ့တရုတ်နိုင်ငံသား MR LUO FEI ကို တွံတေးခရိုင်တရားရုံး က ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅ ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ၊ ဒလမြို့နယ်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၃၃/၂၀၂၅ ၊ ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အလုပ်နဲ့ ထောင်ဒဏ် (၃)နှစ်စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခဲ့တာပါ။
ထပ်မံပြီးစကားပြန်တွေဖြစ်ကြတဲ့ ဒလမြို့ ၊ ဗိုလ်ရန်ပြေရပ်ကွက်နေ အောင်ဇော်ဦး (ခ) ဟာမီဒူလာနဲ့ ဇနီး သီတာအောင်တို့ကို တွံတေးခရိုင်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါတရုတ်မယားအဖြစ်စည်းရုံးသူ တရားခံတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အတွင်းက ဒလမြို့နယ်က ဆယ်ကျော်သက်အရွယ်ကျောင်းသူ မိန်းကလေးကို tik tokမှ တဆင့် တွေ့ရှိကာ နေအိမ်ကို သွားရောက်ပြီး တရုတ်မယား လုပ်ရန်ပြောဆိုမှုနဲ့ ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးစည်းရုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ့ဗီဒီယိုဖိုင် ကနေတဆင့် လူပြောများကာ ဝေဖန်မှု တွေဖြစ်ပေါ်ခဲ့ရာ အဆိုပါဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ အမှုဖွင့်လှစ်တိုင်တန်းချက်အရ ဖေဖော်ဝါရီ ၆ ရက်က ဒလမြို့နယ်ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
Photo- Cj