ကွမ်းလုံ၊ သိန္နီ တွေဘက် တရုတ် ဖုန်းလိုင်းရလာပြီးနောက် MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်နေ

မေ ၇၊ ၂၀၂၅
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံ၊ သိန္နီ တွေဘက် အခု မေလ ကစ တရုတ် ဖုန်းလိုင်း ရလာလို့ ဒီရက်ပိုင်းအတွင်း MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကွမ်းလုံ၊ သိန္နီ တွေမှာ တရုတ်ဖုန်းလိုင်း သုံးလို့ရပြီ။ Sim Card တခု ကျပ် ၂၀၀၀၀၊ ဖုန်းငွေက တလ တရုတ်ငွေ ယွမ် ၄၀ ကနေ ဝယ်ဖြည့်လို့ရတယ်။ တရုတ်ဖုန်းလိုင်း ရလာတာနဲ့ MPT ဖုန်းလိုင်း လုံးဝ မကောင်းတော့ဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တရုတ်ဖုန်းလိုင်း ဆွဲထည့်ရတဲ့ ရည်ရွယ်ချက်က ကိုးကန့် MNDAA တပ်ဖွဲ့တွေဆီသတင်းတွေ ကောင်းကောင်းစီးဆင်း နိုင်ဖို့ ဖြစ်ကြောင်း သိရတယ်လို့ သူက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ အတွင်းက တချို့ရွာတွေဘက်မှာလည်း တရုတ် ဖုန်းလိုင်း ကြိုးတွေ ဆင်နေတာတွေ့ရပြီလို့ ဒေသခံတွေက ပြောပါတယ်။
“သိန္နီ ထိတောင် တရုတ် နိုင်ငံသားတွေရောက်လာပြီး ဈေးတွေရော၊ ကြံ စိုက်ခင်းတွေရော၊ စက်သုံးဆီဆိုင်တွေရော အကုန်လုံး တရုတ်တွေပဲ ကန်ထရိုက်ဆွဲလိုက်ကုန်ပြီ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လားရှိုးအထက်ပိုင်း ဒေသတွေမှာ တရုတ်နိုင်ငံသားတွေရောက်လာပြီး ဒေသခံတွေရဲ့ လုပ်ငန်း အတော်များများ တရုတ် ကန်ထရိုက်ဆွဲ ကုန်တာကြောင့် သာမန် ဒေသခံ ပြည်သူတွေအနေနဲ့ အခက်အခဲ ကြုံလာနေတယ်လို့ သူက ပြောပါတယ်။

စိုက်ပျိုးမြေတွေမှာ ကြံ ကန်ထရိုက်တွေ ဝင်လာတဲ့နောက် ဒေသခံ လယ်သမားတွေ ကျွဲ၊ နွား ကျောင်းဖို့ စားကျက်မြေ မရှိသလောက် ဖြစ်လာတဲ့ အပြင် လွှတ် ေကျာင်းလို့ မရတော့လို့ ပို အခက်ကြံရတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်မြေ အများစုမှာတော့ နောက်ပိုင်း လုပ်ငန်း အများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ စိုးမိုးသွားနိုင်တယ်လို့ဒေသခံတွေက ပြောပါတယ်။
Photo Crd# Google

Related posts

Leave a Comment

VOM News

FREE
VIEW