ရွှေပြင်ပပေါက်ဈေး ကျပ် ၆၅ သိန်းနီးပါး၊ ဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေ

 

ဇူလိုင် ၂၉ – ၂၀၂၄
SN (VOM)

ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းနီးပါး ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က တကျပ်သား ၆၂ သိန်းဝန်းကျင် ရှိခဲ့တာကနေ နှစ်ရက်အတွင်း ကျပ် သုံးသိန်းနီးပါး ထပ်မံမြင့်တက်လာကာ လက်ရှိမှာတော့ ကျပ် ခြောက်ဆယ့်လေးသိန်း ကိုးသောင်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

“ရွှေဈေးက ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခိုဈေးဖြစ်နေတာ ကြာပြီ။ ၁၆ ပဲရည် တကျပ်သား သိန်း ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး စံချိန် တခုပြီးတခု ချိုးလာလိုက်တာ အခုဆိုရင် သိန်း ၆၀ ကျော်လို့ သိန်း ၇၀ ကို မျက်စောင်းထိုးနေပြီဖြစ်ပါတယ်။ တခုသိစေချင်တာက ရောင်းဈေး၊ ဝယ်ဈေးဆိုတာ တသတ်မှတ်တည်း ပုံသေ သွားလို့မရဘူး ဆိုတာပါပဲ။ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ်မှာမူတည်ပြီး ဈေးနှုန်းတွေက အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နေတာ ဖြစ်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဈေးကွက် သဘောတရားအရ ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအတက်အကျပေါ် မူတည်တာဖြစ်ပေမယ့် လက်ရှိ ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နဲ့ယှဉ်ရင် အနည်းငယ်သာ မြင့်တက်နေတာဖြစ်ပြီး တအောင်စ ၂၃၉၂ ဒေါ်လာကို ရောက်ရှိနေကာ နှစ်ရက်အတွင်း တအောင်စ ၅ ဒေါ်လာလောက်သာ မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဇူလိုင် ၂၇ ရက်က တဒေါ်လာ ၅၁၀၀ ကျပ်ဝန်းကျင် ရှိခဲ့ပြီး နှစ်ရက်အတွင်း တဒေါ်လာ ကျပ် ၁၀၀ ကျော် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

“ဒေါ်လာဈေးက အတက်ဘက်ကိုပဲ ဆက်သွားဖို့ မြင်နေတယ်။ လတ်တလောမှာတော့ ပြန်ကျဖို့ မမြင်သေးဘူး။ ဈေးကွက်ကလည်းမငြိမ်သေးဘူး ပြောရမယ်။ ဒေါ်လာဈေးအပြင် တခြား ငွေလဲဈေးတွေလည်း တက်တာပဲ။ ထိုင်းဘတ်ဆိုရင် ပြီးခဲ့တဲ့တပတ်တုန်းက တဘတ်ကို ၁၃၀ ကျော်ဝန်းကျင်ရှိတယ်။ ဒီနေ့ဆို ၁၄၀ ကိုရောက်နေတယ်။ တရုတ်ယွမ်ဈေးကလည်း ၆၈၀ ကျော်၊ ၆၉၀ ဝန်း‌ကျင်ကနေ အခု ၆၉၀ ကျော် ဖြစ်သွားပြီ။ ငွေလဲဈေးတွေ အားလုံးက ခုတလော မတက်တာမရှိဘူး၊ အကုန်တက်နေတာ” လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ်အကျပ်အတည်းတွေအတွင်း နစက က ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ဖြေရှင်းခြင်း၊ ဒေါ်လာနဲ့ ရွှေ ရောင်းဝယ်သူတွေကို ဝရန်းထုတ် ဖမ်းဆီးခြင်းတွေအပြင် သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတဲ့ကြားက အခုလို ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #အခေါက်ရွှေဈေး #၆၅သိန်းနီးပါး #ဒေါ်လာ၅၂၀၀ကျော် #အတက်ကြမ်း

Related posts

Leave a Comment

VOM News

FREE
VIEW