လားရှိုး ကုတင် ၅၀၀ ဆေးရုံပြန်လည် ဖွင့်လှစ်

 

ဩဂုတ် ၁၉၊ ၂၀၂၄
Shy V (VOM)

လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ခိုက် ထိန်းချုပ်လိုက်ပြီးနောက် လားရှိုး ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၃ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်ပြီး လည်ပတ်နေပြီ ဖြစ်ကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“လားရှိုးပြည်သူ့ဆေးရုံကြီး ပြန်ဖွင့်နေပြီ။ ပြည်သူ့ကျန်းရေးဌာန ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်” လို့ လားရှိုးပြန်လည်ထူထောင်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အရေးပေါ် ထိခိုက်ရှနာလူနာတွေ အပါအဝင် သားဖွားမီးယပ်၊ သွေး/ဆီးစစ်ခြင်း၊ ဓာတ်မှန်နဲ့ Ultrasound ရိုက်ခြင်း၊ OG ရိုးရိုးနဲ့ ခွဲစိတ်ခြင်း တွေကိုလည်း လက်ခံကုသပေးနေပြီ ဖြစ်ပြီး TB ဆေး နဲ့ ART ဆေးတွေလည်း လာရောက်ထုတ်ယူ နိုင်ပြီလို့ သိရကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး Facebook လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာဝန်တွေနဲ့ ဆေးဖက်ဆိုင်ရာ CDM ဝန်ထမ်းတွေကိုလည်း ပြန်လည် ခေါ်ယူနေပြီ လို့လည်း ဆိုပါတယ်။

“လုံခြုံရေးတွေတော့ နေ့ရော ညရော ပတ်ပေးနေတယ်။ ရပ်ကွက်အလိုက် ပရဟိတ တွေရော ဖွဲ့ပေးထားတယ်။ အုပ်ချုပ်ရေး ပိုင်းရောပေါ့။ သူခိုးတွေလည်း လိုက်ဖမ်းတာတော့ ရှိတယ်။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။

ရပ်ကွက်တွေမှာ MNDAA ဘက်ကပြည်သူ့စစ်ပုံစံ အဖွဲ့ဝင် သဘော ခေါ်တာရှိပြီး မလုပ်ချင်လည်းရတယ်၊ ဝင်ချင်ရင်ရတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ လေကြောင်း အန္တရာယ်က လွဲပြီး ဒေသခံတွေ လာရောက် နေထိုင်လို့ ရပေမယ့် မြို့တွင်း သန့်ရှင်းရေးတွေ လုပ်နေဆဲဖြစ်ကာ တချို့နေအိမ်တွေမှာ အလောင်းပုပ်နံ့တွေတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒေသခံတချို့ကတော့ နေအိမ်သန့်ရှင်းရေးလုပ်ပြီး အရေးကြီး ပစ္စည်းတွေ ပြန်လည် သယ်ယူကာ မြို့ကနေ ထွက်ခွာ နေသူတွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။

Photo Crd# Lashio Reconstruction

# voiceofmyanmar #VOM #လားရှိုး #ပြည်သူ့ဆေးရုံ #ပြန်လည်ဖွင့်လှစ်

Related posts

Leave a Comment

VOM News

FREE
VIEW