နောင်ချိုဘက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး သီပေါမှာ လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးမှုတွေရှိ

ဩဂုတ် ၂၆၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း အနီးဘက်လက်ရှိထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“မနေ့က သြဂုတ်လ ၂၅ ရက်ေန့ မနက်ထိ လက်နက်ကြီး တွေဝုန်း၊ ဒိုင်းပါပဲ။ လက်နက်သံတွေ ကြားနေရတယ်။ တောင်ရှည်ရွာ အောက်ဖက် နားရှိုးရွာဘက်မှာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် လ ၂၁ ရက်နေ့ကစ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ အထိ နေ့တိုင်း တိုက်ပွဲ ဖြစ်နေပြီး တိုက်ပွဲနဲ့ နီးတဲ့ ဒေသခံတွေက ဘေးလွတ်ကာ ရှောင်တိမ်းကြရပြီး အရင်နေ့ကလည်း နားရှိုး ရွာမှာ လက်နက်ကြီး ကျရောက်ထိမှန်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာ ရှိတယ်လို့ သူကပြောပါတယ်။
သီပေါမြို့မှာလည်း တိုက်ပွဲ မဖြစ်ပေမယ့် နှစ်ရက် ဆက်တိုက် ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲ လို့ အရပ်သားတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေ ရှိပြီး နေအိမ် အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကလည်း သီပေါမှာ လက်နက်ကြီး ထပ်ကျတယ်။ သီပေါ အနောက် ရပ်ကွက် လှိုင်းတက် လမ်းကြားမှာပါ။ ပန်းချီ ဆွဲတဲ့ အမျိုးသား တယောက် သေသွားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့ကလည်း သီပေါမြို့ထဲ လက်နက်ကြီးကျလို့ စက်ဘီး စီးတဲ့ လူ နှစ်ယောက် အပါအဝင် ရပ်သား နှစ်ယောက်ထိမှန်သေဆုံးပြီး နောက်ထပ် တယောက် ထိခိုက်ဒဏ်ရာရကာ မြို့စွန် ရပ်ကွက် တချို့ထဲက နေအိမ်တွေ လက်နက်ကြီး ထိမှန် ထားတာ ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လုပ်ဝိုင်ကျေးရွာအုပ်စု၊ သံလွင်ရွာမှာ လောကြောင်း ဗုံးကြဲလို့ နေအိမ်တွေ ထိခိုက်ခဲ့ကြောင်း ဒေသခံ တွေက ပြောပါတယ်။
“ဟိုတနေ့က သံလွင်ရွာလေ အဲဒီ တရုတ်ရွာမှာ လေယာဉ် ဗုံး လာကြဲတာ။ နမ့်ပေါင် လမ်းဘက်ကလေ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကိုးကန့်ဘက်ကတော့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်မှာ သံလွင်ရွာကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲ သွားတာကြောင့် လူနေအိမ် ၃ လုံး ပျက်စီးသွားပြီး ကံကောင်းစွာပဲ လူ အထိအခိုက် မရှိခဲ့ ကြောင်း MNDAA ဘက်က သတင်းထုတ်ထားပါတယ်။ နစက နဲ့ နီးစပ်တဲ့ သူတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က နမ့်ပေါင်ကို တိုက်ခဲ့တဲ့ ဒရုန်းတွေ သံလွင်ရွာဘက်က တက်ခဲ့တာဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။
ဒေသခံ ပြည်သူတွေကတော့ တိုက်ပွဲ ရှိရှိ၊ မရှိရှိ မြို့ထဲ၊ ရွာထဲ လက်နက်ကြီးကျ၊ လေယောဉ် ဗုံးကြဲတာတွေဟာ တိုက်ပွဲ ငြိမ်နေတယ်လို့ ပြောလို့ မရတဲ့ သက်သေတွေ ဖြစ်ပြီး အချိန်မရွေးတခုတခု ဖြစ်သွားနိုင်လို့ စိုးရိမ်နေကြရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ မြောက်ပိုင်း မဟာမိတ် ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်းရေး ပြန်လည် စတင်ခဲ့တာဖြစ်ပြီး အရှေ့မြောက်တိုင်းစစ် ဌာနချုပ် အပါအဝင် လားရှိုးမြို့ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်တွေကို မြောက်ပိုင်း ညီနောင်နဲ့ ပူးပေါင်းအဖွဲတွေ ထိန်းချုပ်ထားကာ သီပေါမှာလည်း လက်ရှိ အထိ စစ်ရေး အခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW