တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

စက်တင်ဘာ ၈ – ၂၀၂၄
SN (VOM)
အခုတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ နိုင်ငံခြား ငွေလဲနှုန်းတွေနဲ့အတူ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စက်သုံးဆီဈေးတွေကတော့ တဖြည်းဖြည်းချင်း ပြန်တက်နေပြီး ဆီဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူရရှိတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အခြေခံ စားသောက်ကုန်ဈေးတွေဟာလည်း အရှိန်ကောင်းကောင်းနဲ့ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက်မှာ စားသုံးဆီ ဝယ်ယူရ ခက်ခဲနေဆဲဖြစ်သလို ဈေးအဆမတန် ကွာဟမှုကြောင့် ရောင်းသူတွေတွေလည်း အခက်တွေ့ရတယ်လို့ သိရပါတယ်။
အရင်တပတ်က ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည် တကျပ်သား ဈေးအမြင့်ဆုံး ၇၅ သိန်းဝန်းကျင်အထိ ရှိခဲ့ပေမယ့် အခုတပတ်မှာတော့ ၆၉ သိန်းဝန်းကျင်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။ တပတ်အတွင်း ကျပ် ခြောက်သိန်းလောက် ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒါဟာ ဇူလိုင်လကုန်ပိုင်းကစပြီး ရွှေဈေးတွေ စံချိန်တင်မြင့်တက်ခဲ့ရာကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပြီးနောက် ဈေးနှုန်းတွေ အကျဘက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေတကျပ်သား ကျပ်သိန်း ၆၀ ဝန်းကျင်အထိ ဈေးနှုန်းကိုတော့ ပြန်မရောက်သေးပါဘူး။
“ရွှေက မှောင်ခိုဈေးကွက်ပဲရှိတယ်။ အခွန်တွေလည်း တိုးကောက်ထားတယ်ဆိုတော့ ရွှေအတုံးဈေးကွက်က အပြင် မှောင်ခိုဈေးကွက်မှာပဲရှိမယ်။ ရွှေဆိုင်တွေမှာတော့ အခွန်ကြောင့် ရွှေအတုံး အရောင်းအဝယ်က မရှိသလောက်ဘဲ။ ၁၅ ပဲရည်လောက်ကိုပဲ ရောင်းကြဝယ်ကြတာရှိမယ်။ ဈေးက ဆက်ကျဦးမလား၊ ဘာဆက်ဖြစ်မလဲ မသိသေးတော့ အရောင်းအဝယ်လည်း သိပ်မလုပ်ရဲကြဘူး။ အခြေအနေ စောင့်ကြည့်နေကြတဲ့ သဘောပေါ့” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ အရင်တပတ်က တအောင်စ ၂၅၂၀ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့တာဖြစ်ပြီး ဒီတပတ်မှာတော့ တအောင်စ ၂၅၁၇ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ကာ တအောင်စကို ၃ ဒေါ်လာလောက်သာ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ကျပ် ၆၀၀၀ အောက် ရောက်ရှိလာခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ အခုတပတ်အတွင်းမှာတော့ အတက်အကျ အနည်းငယ်စီနဲ့ အချိန်ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက် (တနင်္လာနေ့) က တဒေါ်လာ ၅၈၅၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပါတယ်။ အခုတပတ် စက်တင်ဘာ ၂ ရက် (တနင်္လာနေ့) မှာတော့ တဒေါ်လာ ၅၆၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်အတွင်း ၂၅၀ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အမေရိကန် တဒေါ်လာ ၅၃၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
ဒါအပြင် တခြားသော နိုင်ငံခြား ငွေလဲဈေးနှုန်းတွေလည်း အနည်းငယ်စီ ပြန်လည် ကျဆင်းလျက်ရှိတာမှာ ထိုင်းဘတ် ၁၅၀ ဝန်းကျင်၊ တရုတ်ယွမ် ၇၃၀ ကျော်ဝန်းကျင်၊ အိန္ဒိယရူပီး ၆၀ ကျော်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ကျပ် ၄၀၀၀ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပြီးခဲ့တဲ့တပတ်က ထိုင်းဘတ် ၁၆၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၇၇၀ ဝန်းကျင်၊ အိန္ဒိယရူပီး ၆၅ ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၄၂၀၀ ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခုတပတ် ရည်ညွှန်းဈေး သတ်မှတ်ချက်မှာလည်း စက်သုံးဆီ ဈေးနှုန်းတွေ ဆက်လက် မြင့်တက်လျက်ရှိပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၆ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၃၂၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၃၅၅ ကျပ်၊ ဒီဇယ် တလီတာ ၂၇၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၃၉၅ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၅၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၉၅ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။
ဒါကြောင့် အခုတပတ်မှာတော့ ဓာတ်ဆီ တလီတာ ၁၁၅ ကျပ်၊ ဒီဇယ် တလီတာ ကျပ် ၅၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၁၀၀ ဝန်းကျင် ပြန်လည် မြင့်တက်လာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာပါတယ်။
လက်ရှိ စက်သုံးဆီ ပြင်ပပေါက်ဈေးမှာ တလီတာ ကျပ် ၅၅၀၀ မှ ၆၀၀၀ ကျပ် ကြားရှိပြီး တရားဝင် သတ်မှတ်ဈေးထက် နှစ်ဆနီးပါး ကွာဟမှုရှိနေတာ ဖြစ်ပါတယ်။
ပြင်ပ ဈေးကွက်အတွင်းက ရွှေနဲ့ ငွေလဲဈေးတွေ ပြန်လည်ကျဆင်းလာတာဟာ အချိန်ကာလအားဖြင့် သုံးပတ်ဝန်းကျင်လောက် ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ရွှေ၊ ငွေဈေးတွေနဲ့အပြိုင် လိုက်ပါမြင့်တက်ခဲ့တဲ့ အခြေခံစားသောက်ကုန် အများစုကတော့ အခုအချိန်အထိ ဈေးပြန်လည်ကျဆင်းခြင်း မရှိသေးတဲ့အပြင် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ သုံးစွဲမှုများတဲ့ စားအုန်းဆီဈေးဟာ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးမှာတင် ကျပ် ၆၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၂ ရက်မှ ၈ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ စားအုန်းဆီ တပိဿာ ၆၄၉၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့တပတ် ရည်ညွှန်းဈေးကတော့ ၅၄၈၅ ကျပ်ဖြစ်ပါတယ်။
တန်းစီဈေးကတော့ တပိဿာ ၇၀၀၀ ကျပ်ဈေး ဖြစ်လာပြီး ပြင်ပပေါက်ဈေးကတော့ တပိဿာ တသောင်းခုနစ်ထောင်ကျပ် ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပဈေးကွက်က ဆိုင်အများစုကတော့ အရောင်းပိတ်ထားပါတယ်။
လက်ရှိမှာ နစက က စားအုန်းဆီ ဝယ်ယူမှုပုံစံ ပြောင်းလဲလိုက်တာမှာ ရန်ကုန်မြို့ရှိ ရပ်ကွက်တွေမှာ အရင် သမဝါယမစနစ် ပုံစံမျိုး ဝယ်ယူခွင့်စာအုပ် လုပ်ရပါတယ်။ တအိမ်ထောင်ကို နှစ်ပိဿာမှ သုံးပိဿာအထိ ဝယ်ယူခွင့်ရှိပြီး ရပ်ကွက်အလိုက် ခွဲတမ်းသတ်မှတ်ချက် အပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့ ဆောင်ရွက်နေပေမယ့် အောက်ခြေမှာတော့ ဆန်ဈေးမကျသေးပါဘူး။ ဆန်ကြမ်း တပြည် ကျပ် ၄၀၀၀ အထက်ဖြစ်ပြီး ဆန်ချောကတော့ တပြည် ၆၈၀၀ ကျပ်အထက်ဖြစ်ကာ ဆန်အရည်အသွေး နိမ့်လာတယ်လို့ သိရပါတယ်။
ကြက်ဥကတော့ သုံးလုံး ၁၀၀၀ – ၁၁၀၀ ကျပ်တန်မျိုးနဲ့ ရောင်းချတာများပါတယ်။ အရွယ်အစားအလိုက် တလုံးကို ၄၀၀ ကနေ ၅၀၀ ကျပ်အထိ ဈေးသတ်မှတ် ရောင်းချနေတာတွေလည်း ရှိသလို ဘဲဥဈေးကတော့ အသေးဆုံး တလုံး ၄၅၀ ကျပ်ရှိပြီး အကြီးကတော့ ၆၀၀ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်ဖြူဈေးကတော့ အရင်တပတ်ထက် ကျပ် ၅၀၀၀ ကျဆင်းလာကာ တပိဿာ ကျပ် နှစ်သောင်းသုံးထောင် ဝန်းကျင်မှာ ရှိနေပါတယ်။ ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ၂၇၀၀ ကျပ်ကနေ ၃၅၀၀ ကျပ်ဈေးအထိ ရှိပါတယ်။ အာလူးကတော့ ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပြီး အလုံးအရွယ်အစားအလိုက် တပိဿာ ၆၀၀၀ ကနေ ၇၀၀၀ ကျပ်အထိ ဈေးအမျိုးမျိုးရှိပါတယ်။
ခရမ်းချဉ်သီးကတော့ တပိဿာ ကျပ် ၄၀၀၀ မှ ၅၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရုတ်ကန်စွန်းရွက် တစည်း ၁၃၀၀ ကျပ်၊ ကန်စွန်းရိုးနီ တစည်း ၂၅၀ ကျပ်၊ ချဉ်ပေါင်ရွက် တစည်း ၃၀၀ ကျပ်ဈေး ရှိနေပါတယ်။ ဂေါ်ဖီထုပ်တွေကတော့ ဈေးပေါနေပြီး တထုပ်ကို ၁၅၀၀ – ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ တပွင့် ၁၅၀၀ -၂၀၀၀ ကျပ်ဈေးတွေနဲ့ ရောင်းချလျက်ရှိပါတယ်။
အသားငါးဈေးကွက်မှာတော့ ငါး၊ ပုစွန်တချို့ ထပ်မံ ဈေးမြင့်တက်လာပြန်ပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၄၀၀ ကျပ်ဖြစ်လာပြီး ရိုးရိုးငါးကြင်း တဆယ်သား ၁၈၀၀ ကျပ်ဈေး ရှိနေပါတယ်။ ပုစွန်ဖြူ တဆယ်သား ၅၀၀၀ ကျပ်၊ ပုစွန်တုပ် တဆယ်သား ၅၀၀၀ – ၅၅၀၀ ကျပ်ဈေးမှာ ရှိပါတယ်။
ကြက်သား (CP) ဈေးကတော့ တပိဿာ တသောင်းနှစ်ထောင်ကျပ်ကနေ ကျပ် တသောင်းခြောက်ထောင်ကြား ရှိနေပါတယ်။ ဝက်သားနဲ့ အမဲသားဈေးကတော့ တပိဿာ ကျပ် နှစ်သောင်းခွဲ၊ ဆိတ်သားဈေးကတော့ ပုံမှန်အတိုင်း တပိဿာ သုံးသောင်းကျပ်ဈေးပဲဖြစ်ပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW