သိန္နီမှာ ဌာနဆိုင်ရာ တချို့ ပြန်ဝင်တော့မယ့် သတင်းထွက်ပေါ်

စက်တင်ဘာ ၁ ၊၂၀၂၅
Shy V (VOM)

သိန္နီမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ တချို့ ပြန်ဝင်လာတော့မယ့် သတင်းထွက်ပေါ်နေပါတယ်။
“သိန္နီမှာ လဝက နဲ့ ထွေအုပ် ဝင်လာတော့မယ်လို့ ပြောတယ်။ အိမ်နားက AA တပ်ဖွဲ့‌ဝင်တွေတော့ ပစ္စည်း ရွှေ့နေတာတွေ့တယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
နလအ သုံ့ပန်းတချို့ နလအ တပ်စခန်းဟောင်းထဲ နေရာ ယူထားတာတွေ့ရပြီး စရဖ တွေလည်း အရပ်ဝတ်နဲ့ စိမ့်ဝင်နေတာ ကြာပြီလို့ ဒေသခံ တချို့က ပြောပါတယ်။
“ဩဂုတ် လကုန် သိန္နီမှာ နလအရဲ့ ဌာနဆိုင်ရာတွေ ဝင်မယ်ဆိုတာ ဟုတ်တယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ လို့လည်း ကြား‌ နေတယ်။” လို့ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
လားရှိုးနဲ့ သိန္နီ ကြား တလျှောက်မှာတော့ နလအ တပ်ဖွဲ့တွေ အင်အား ဖြည့်ထားတယ်လို့ သိရ​ကြောင်း သူက ပြောပါတယ်။
ရှမ်းပြည်နယ် ‌ေမြာက်ပိုင်း ရဲ့ စစ်ရေးအခြေအနေကို လေ့လာ စောင့်ကြည့်နေသူကတော့ တရုတ် – မြန်မာ ကုန်သွယ်ရာ လမ်းမ တလျှောက်ရှိနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို ခွာပေးဖို့ တရုတ်ဘက်က ပြောထားကြောင်း သိရတယ်လို့ ပြောပါတယ်။
MNDAA နဲ့ TNLA အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေ အတိုင်း သတ်မှတ်ထားတဲ့ နယ်မြေအထိ ဆုတ်ခွာ ရမှာဖြစ်ပြီး မဆုတ်ခွာပါက နလအ တပ်ဖွဲ့ အနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ ပြင်ဆင်ထားကြောင်း နလအ တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်လာတဲ့ မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် တို့ သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ထျန်းကျင်း ဧည့်ဂေဟာ တွေ့ဆုံခဲ့ကြ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ တွေ့ဆုံမှုမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ် – မြန်မာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို အတူ ထိန်းသိမ်း သွားမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်း ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေအတွက် ဘေးကင်းလုံခြုံမှုကို အာမခံပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံနဲ့ “Belt and Road” ပူးတွဲတည်ဆောက်ဖို့၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နဲ့ အခြေခံ အဆောက်အအုံတွေ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့ ဆန္ဒရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
Photo Crd#

Related posts

✕
VOM News

FREE
VIEW