အင်ဒိုနီးရှားမှာ ဆန္ဒပြပွဲတွေ ပြင်းထန်နေပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်း

ဂျကာတာ၊ ဩဂုတ်-၂၉-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံ ဂျတာကာရှိ ရဲတပ်ဖွဲ့ရဲ့ အထူးတပ် (Brimob) ဌာနချုပ်ကို ဝိုင်းရံဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းလိုက်ပါတယ်။
ကြာသပတေးနေ့ညက ဆန္ဒပြမှုတခုမှာ အဲဒီဌာန ယာဉ်တစီးက မော်တော်ဆိုင်ကယ် တက္ကဆီမောင်းသူတယောက်ယောက်ကို တိုက်မိခဲ့ပြီး လူသေဆုံးတဲ့အဖြစ်အပျက်ကနေ တင်းမာမှုတွေ ပိုမို မြင့်တက်နေပါတယ်။
လွှတ်တော်အမတ်တွေဟာ ခံစားခွင့်တွေ များတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ငွေကွာဟမှုတွေကြောင့် အင်ဒိုနီးရှားမြို့တော်မှာ ဒီတပတ်လုံး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တချို့ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့တွေက လက်နက်တွေနဲ့ မီးခိုးဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကလည်း ကျောက်တုံးတွေ၊အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဒီမငြိမ်သက်မှုတွေဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုအတွက် အဓိက စမ်းသပ်မှုတခုဖြစ်နေပြီး ဆန္ဒပြသူတွေက အလုပ်လက်မဲ့နှုန်းများလာမှု ၊ လစာနိမ့်ကျမှု၊ အခွန်များမှုနဲ့ လူနေမှုစရိတ် မြင့်တက်မှုတွေကို ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုနေကြတာပါ။
အင်ဒိုနီးရှားသမ္မတတော့ အစိုးရကို ယုံကြည်ဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ မနေ့ညက ဆန္ဒပြပွဲတွေ ပြင်းထန်တဲ့ နေရာမှာ ရဲကားနဲ့ တိုက်မိပြီး သေဆုံးခဲ့တဲ့ ယာဉ်မောင်းရဲ့ မိသားစုကို တောင်းပန်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ အလွန်အကျွံ လုပ်ရပ်ကြောင့် တုန်လှုပ်ပြီး စိတ်ပျက်မိကြောင်းနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ စည်းမျဉ်းဘောင်ကျော် ကျူးလွန်တာတွေ့ရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ သမ္မတက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW