ကျိုင်းတုံ၊ တာချီလိတ်၊ မယ်ဆိုင် တွေဘက် မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေ

စက်တင်ဘာ ၁၁၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ဘက် မိုးအဆက်မပြတ် ရွာသွန်းပြီး စက်တင်ဘာ ၁၀ ရက်နေ့ကစ ရေကြီးရေလျှံနေကာ တာချီလိတ်နဲ့ ထိစပ်နေတဲ့ ထိုင်းဘက် မယ်ဆိုင်မှာလည်း မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေရတယ်လို့ နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။
“ညကတည်းက အိမ်ခေါင်မိုးပေါ်တက်နေရတာ အခုမနက်ထိ ကယ်ဆယ်ရေးတွေလာမကယ်နိုင်ဘူး။ ဒါကတော့မယ်ဆိုင်ဘက်ပါ။မြန်မာဘက်နဲ့လည်း ဖုန်းအဆက်သွယ် မရတော့ဘူး။ မြန်မာဘက်ဆို ဒီထက်နှစ်ဆပိုဆိုးပါတယ်။” လို့ နယ်စပ် ဒေသခံတယောက်က ပြောပါတယ်။
ယမန်နေ့ ညပိုင်းမှာ မယ်ဆိုင်တံတား ရေမြုပ်သွားပါပြီဖြစ်ပြီး မယ်ဆိုင်မြို့ပေါ်က နေအိမ်တွေထဲလည်း ရေတက်လာကာ မယ်ဆိုင်မြို့ပေါ် နှစ် ပေါင်း ၃၀ ကျော် – ၄၀ အတွင်း တခါမှ မကြီးဘူးတဲ့ နေရာတွေပါ ရေအကုန်အပြည့်ဝင်ကုန် တာကြောင့် နေစရာ တောင်မရှိဘူးလို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးတွေလည်း မနိုင်တော့ဘူး။ ဦးလေးကြီး တယောက်ဆိုရင် သူ့ဆိုင်ခေါင်မိုးပေါ်တက်နေပြီး ကယ်ဆယ်ရေး အလာကို စောင့်နေတာ ညမှောင်မှပဲ ကယ်ဆယ်ရေးတွေ လာကယ်သွားကြတယ်။” လို့ သူက ပြောပါတယ်။
မိုးကလဲမပြတ်ရွာနေလို့ ရေကပိုပိုပြီး တက်လာကာ တာချီလိတ်ဘက်ကို ထိုင်းဘက်က ကာထားတာကိုကျော်ပြီး ထိုင်းဘက်ခြမ်းရေတက်နေတာ တွေ့ရပြီး တာချီလိတ်မှာလည်း အခုလိုမျိုး ရေတက်တာ တခါမကြုံဖူးသေးဘူးလို့ ဆိုပါတယ်။
ရှမ်းအရှေ့နေရာ အားလုံးနီးပါး ရေကြီးရေလျှံတာကြောင့် အကုန်ရေမြုပ်နေကာ တာချီလိတ်နဲ့ မယ်ဆိုင် ဆိုရင် အိမ်ခေါင်မိုးပေါ်တက်နေနေရပြီး မယ်ဆိုင်ချောင်းဘေးကအိမ်တွေနဲ့ မှန်တံတားသွားတဲ့ စျေးလမ်း တလမ်းလုံးရေတွေလျှံတက်နေတယ် လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“ကယ်ဆယ်ရေး သမားတွေလည်း လှေတွေမှောက် သူမှောက်လို့ မသေယုံတမယ်ပဲ။ကျိုင်းတုံ၊ တာချီလိတ်၊ တာလေ ကလူတွေက စားစရာလည်း မရှိ၊ ထမင်းငတ် နေပြီ။ တာချီလိတ် အခြေနေက ပိုပိုဆိုးလာတယ်။” လို့ သူက ရှင်းပြပါတယ်။
ရှမ်းရှေ့ပြည်နယ်အေရှ့ပိုင်း ကျိုင်းတုံဘက်မှာကလည်း ပြီးခဲ့တဲ့ တရက်ခန့်ကစ မိုးတညလုံး ၊တနေ့လုံး ရွာနေတာလို့ ကျိုင်းတုံ ဒေသခံတွေက ပြောပါတယ်။
“ပိုဆိုးတာက ဖုန်းလိုင်းတွေ အကုန်ပျက်နေတာ။ ညနေပိုင်းမှ လိုင်းလေးပြန်ပွင့်လာတော့ မှောင်နေပြီ။ အချိန်မမီတော့ဘူး။ မီးကလဲပျက် ထမင်းလည်း ငတ်ကုန်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကျိုင်းတုံမြို့ မြို့သစ်၊ အာခါစျေးဘက်၊ မာကိုပိုလို ဘက်က နေအိမ်တွေမှာအစား အသောက်တွေ အကူအညီလိုအပ်နေပြီး ဖုန်းလိုင်းပျက်နေလို့ မြေပြင် ကူညီနေသူတွေ နဲ့ ချိတ်ဆက်ဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့က လွယ်မွေလမ်း သံတံတားအကျော်က တံတားအသေးလေးတော့ ရေကျော်သွားလို့ ဖြတ်မရနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကျိုင်းတုံ မြို့သစ် နဲ့ အာခါဈေးဘက်လည်း ရေ ရင်ဘက်လောက်ထိ ရှိနေပြီး ရေနည်းနည်းကျပေမယ့် မိုးက အဆက်မပြတ် ရွာနေတုန်းမို့ ရေက ကြီးနေတုန်းပဲလို့ သဒသခံတွေက ပြောပါတယ်။
“ခုထိ မိုးက မတိတ်သေးဘူး။ ရေက ကြီး၊ မိုးကလည်းမအလင်းနိုင်ဘူး။ ရေမြုပ်နေပြီဗျ။” လို့ အမျိုးသားတယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမှာ မိုးအလွန်များနိုင်မယ့် အခြေအနေဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်း ထုတ်ထားပါတယ်။
ယမန်နေ့ မနက်ပိုင်း တာချီလိန်မြို့မှာ စိုးရိမ်ရေမှတ် အထက် ၅ ပေ ကျော် ခန့် ကျော်လွန်နေပြီး တာချီလိတ် – မယ်ဆိုင် တံတားေပါ် ရေကျော်လာကာ အမှိုက်တွေ ရှင်းလင်းရေး လုပ်နေပြီး ရေလျှံနေတဲ့ နေရာတွေက ရေဘေးဒုက္ခသည်တွေ ဘေးလွတ်ရာ ေပြာင်းရွှေ့နေရကြောင်း၊ ရေကြီးလို့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားရမှာဖြစ်ပြီး ဖုန်းလိုင်းလည်း ပြတ်တောက်နေကြောင်း ရှမ်းအရှေ့ သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။
Photo Crd# ကျိုင်းတုံဈေး FB /ကျိုင်းတုံဟစ်တိုင်

Related posts

Leave a Comment

VOM News

FREE
VIEW