ဆည်တော်ကြီး ရေလှောင်တမံကနေ ဆည်ရေမရလို့ စပါးစိုက်ပျိုးရေး အခက်ကြုံနေရ



စက်တင်ဘာ ၁၁- ၂၀၂၄
SN (VOM)

ဆည်တော်ကြီး ရေလှောင်တမံကနေ ရေမရရှိတဲ့အတွက် ဆည်ရေသောက် စိုက်ဧကတွေ စပါးစိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY PDF) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီးနောက် ဆည်တော်ကြီး ရေလှောင်တမံကနေ ရေလွှတ်နိုင်ဖို့ ဝန်ထမ်းတွေမရှိတော့တဲ့အပြင် ရေထိန်းတံခါးတွေလည်း ပိတ်ခံထားရတယ်လို့ သိရပါတယ်။

“အောင်ရေတက်တဲ့အချိန် ဆိုတာရှိတယ်။ စပါးတွေ ရင့်မှည့်တဲ့အချိန်ကျမှ ရေကိုဖြတ်တောက်တာပေါ့။ ဒီ ဆည်ကြီးရဲ့အရှည် ရေမိုင်က ၄၂ မိုင်ရှိတယ်။ ရေမလာတော့ ဘာတွေဖြစ်လာလဲဆိုတော့ စပါးစိုက်တဲ့ဧက လျော့သွားတယ်။ စပါး ပျိုးထောင်ထားတာတွေကလည်း ပျိုးခင်းတွေ တော်တော်များများ ပျက်စီးကုန်တယ်။ ပျိုးဈေးက ဈေးကြီးတော့ ပြန်စိုက်ဖို့ကလည်း အဆင်မပြေဘူး။ အဲဒီတော့ စိုက်ရမယ့်အချိန် ကျော်သွားတယ်။ ရေမလာတဲ့အတွက် ဘယ်သူမှလည်း မစိုက်ရဲတော့ဘူး။ ကျွန်တော်တို့ဘက်က တကြောလုံးပဲ ရေတော်တော်ပြတ်သွားလို့ ဒုက္ခရောက်ကုန်ကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံဟာ မတ္တရာမြို့နယ်၊ စလေကျေးရွာအုပ်စု၊ ဆည်တော်ကြီးရွာမှာ တည်ရှိပြီး အဲဒီဆည်ရေကို မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းနဲ့ အမရပူရအရှေ့ခြမ်းတို့ရှိ စိုက်ဧက ငါးသောင်းခန့်ထိ အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အခက်အခဲတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ ဆည်မြောင်း အရာရှိတယောက်က “ကျွန်တော်တို့ကို အထက်က ညွန်ကြားပေမယ့် လုံခြုံရေးအရ သွားစစ်ဆေးလို့မရတော့ ဝန်ထမ်းတွေလုံခြုံရေး တာဝန်ယူပေးရင်တော့ တမျိုးပေါ့။ ဆည်မြောင်းအနေနဲ့ တခြား စစ်ဖြစ်ဧရိယာမှာလည်း ဆုံးရှုံးမှုတွေရှိနေတယ်” လို့ ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ မြို့တမြို့၊ ကျေးရွာအုပ်စု ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၄၀ ရှိပြီး စိုက်ပျိုးရေးကို အဓိက လုပ် ဆောင်ကြသလို စပါးစိုက်ပျိုးမှုအများဆုံးဖြစ်ကာ မိုးစပါးစိုက်ဧက သုံးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။

အမရပူရမြို့နယ်မှာတော့ မိုးစပါးစိုက်ဧက တသောင်းနှစ်ထောင်ကျော်ရှိပြီး မတ္တရာမြို့နယ်မှာလည်း မိုးစပါးစိုက်ဧက သုံးသောင်းခွဲခန့်ရှိတယ်လို့ သိရပါတယ်။

“တချို့က‌ကျတော့လည်း မိုးစပါးဆိုပြီး စွန့်စွန့်စားစားစိုက်တယ်။ တချို့ကလည်း ရေတင်ပြီးတော့ စိုက်တယ်။ လတ်တလောမှာ အဲဒီလို စိုက်တဲ့သူလည်းရှိသလို လုံးဝ မစိုက်တော့တဲ့ တောင်သူတွေလည်း ရှိတယ်။ စပါးက ပျိုးလိုက်ပြီးရင် ၄၅ ရက်မှာ စိုက်မယ်ဆိုပြီး သု့အစီအစဉ်နဲ့သူ ရှိပြီးသားပေါ့။ အဲဒီရက်တွေမှာ ရေမရလိုက်တဲ့အတွက် မြေကြီးတွေ ပက်ကြားတွေအက်ကုန်တယ်၊ မစိုက်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

စိုက်ပျိုးရေးအတွက် မြစ်ရေတင်စနစ်တွေရှိတဲ့ ပုသိမ်ကြီးမြို့နယ်မှာ ထန်းဥယျာဉ်၊ အင်ကျယ်၊ ကံကြီး၊ ဇီးတောမြစ်ရေစခန်းတွေရှိသလို အမရပူရမြို့နယ်မှာလည်း ရေကြည်ပေါက် စားတော်၊ လိပ်ဆံခွန်၊ ဘနော် မြစ်ရေတင်စခန်းတွေ ရှိတယ်လို့ သိရပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံကနေ ဆည်ရေကို နတ်တော်၊ ပြာသို၊ တပို့တွဲ သုံးလခန့်သာ အလှည့်ကျစနစ်နဲ့ ရေပေးဝေလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ တနှစ်ပတ်လုံး ရေလွှတ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီ ရေလှောင်တမံကနေ တူးမြောင်းမကြီး စီးဆင်းရာတလျှောက်ရှိ စလေ၊ အေးချမ်းသာ၊ မကျီးကျိုး၊ ကန်ရိုး၊ လမိုင်း၊ မကျီးကိုင်း၊ သရက်ကိုင်း၊ မြကန်သာ၊ ကံကြီး၊ အင်ကျယ်၊ ဘုတ်၊ မှန်ပင်၊ နှမ်းကြီး၊ နှမ်းကြဲ၊ ဆင်ပွတ်ကြီး၊ ဆင်ရွာကြီး၊ ဆင်ရွာတော၊ ရုံးသာ၊ ပုသိမ်လေး၊ ကြာနီကန်၊ အင်ကျယ်၊ ဇီးချိုကုန်း၊ ရေကြည်၊ အိုင်ကြီး၊ ကျောက်မီး၊ တံတိုင်းရှည် (တောင်/မြောက်)၊ မိုင်လေးဆယ်၊ ရေဘုတ်၊ တမုတ်ဆိုး၊ ဒေါင်းရိုး စတဲ့ ကျေးရွာတွေရှိ စိုက်ဧကတွေ မိုးစပါး စိုက်ပျိုးနိုင်ဖို့အတွက် နှစ်စဉ် ဇွန်လလယ်မှ စတင်ကာ ရေပေးဝေလေ့ရှိတယ်လို့ သိရပါတယ်။

အခု ၂၀၂၄ နှစ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းထိ ရေပေးဝေခဲ့ပေမယ့် ဇူလိုင် ၁၂ ရက်မှ စတင်ကာ ရေမလာတော့တာကြောင့် ဆည်ရေသောက်စနစ်နဲ့ စပါးစိုက်ဖို့ ပျိုးထားတဲ့ ပျိုးခင်းတွေ ပျက်စီးနေပြီဖြစ်တဲ့အတွက် တချို့သော ကျေးရွာတွေမှာ စပါးစိုက်ပျိုးနိုင်တော့မှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“တချို့လည်း တခြားသီးနှံတွေ စိုက်မယ်ဆိုပြီး ထယ်ထွန်ပြီး မွှေပစ်လိုက်တာရှိတယ်။ တချို့က လုံးဝကို မလုပ်တော့ဘဲ မြေလှပ်ပစ်လိုက်ပြီး ဒီနှစ်တော့ မစိုက်တော့ဘူးဆိုပြီး လုပ်ပစ်လိုက်တာရှိတယ်။ တချို့ကတော့ မိုးကောင်းရင် မိုးစပါးစိုက်မယ်ဆိုတဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ခါတိုင်းလို့ စည်စည်ကားကားကြီး စပါးစိုက်တဲ့ ဧက ကတော့ ထွက်မလာနိုင်တော့ဘူး။ အဲဒါကိုတော့ ရဲရဲကြီးပြောရဲတယ်။ ရေမရလို့ ဒုက္ခရောက်နေတာတွေက အများကြီးလေ။ အဲဒီတော့ ဒီနှစ်ကတော့ စပါးအထွက်လည်း ကျသွားနိုင်တယ်” လို့ အဲဒီ ဆည်မြောင်းဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် မန္တလေးနန်းမြို့ရိုး ကျုံးအတွင်းကိုလည်း ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေဝင်ရောက်နိုင်ခြင်း မရှိတော့တဲ့အတွက် ကျုံးရေကို အဓိကထား သုံးစွဲနေရတဲ့ မန္တလေးမြို့အရှေ့ခြမ်း၊ မန္တလေးကျုံးအရှေ့ဘက်၊ မန္တလေးကျုံးအနောက်ဘက်၊ ကုန်းတန်းရပ်ကွက်ရှိ ရေနီမြောင်း၊ ချမ်းအေးသာဇံနဲ့ အောင်မြေသာဇံမြို့နယ်တို့မှာလည်း ရေပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေဟာ အောင်မြေသာစံမြို့နယ်၊ လမ်း ၂၀ နဲ့ ၂၂ လမ်းကြား၊ ၅၈ လမ်းနဲ့ လမ်း ၆၀ ကြားရှိ ရေစစ်ကန်ကို ဝင်ရောက်ပြီး အဲဒီ ရေစစ်ကန်မှတဆင့် မန္တလေးနန်းမြို့ရိုး ကျုံးအတွင်းနဲ့ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်တွေကို ရေလွှတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ ဆည်ရေသောက် စိုက်ပျိုးရေးအတွက် ရည်ရွယ်ပြီး ၁၉၈၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၉၈၉ ခုနှစ်မှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ၁၂ ဒသမ ၅ မဂ္ဂါဝပ် စွမ်းအားရှိတဲ့ Generator နှစ်လုံးနဲ့ နှစ်စဉ် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀ သန်းခန့် လျှပ်စစ်ဓာတ်အား ထုတ် လွှတ်ပေးနေသလို ရေလှောင်ပမာဏ သုံးသိန်းခြောက်သောင်းသုံးထောင် ဧကပေရှိကာ စိုက်ဧက ခုနစ်သောင်းခွဲကျော်အထိ ရေပေးဝေနိုင်တဲ့ ရေလှောင်တမံ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW