ဒုက္ခသည်တွေ ဝင်ရောက်မှုကြောင့် မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေး ပိုမိုတိုးမြှင့်



ဒါကာ၊ စက်တင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာသေးမီလတွေအတွင်းက ရိုဟင်ဂျာဒုက္ခသည် ၁၈၀၀၀ ထက်မနည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေးကို ယခင်ကထက် ပိုမိုတိုးမြှင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒုက္ခသည်ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

“ ဒုက္ခသည် ထောင်ပေါင်းများစွာ ဒီဘက်ကို ဖြတ်ကျော်လာခဲ့တယ်။ အများအပြားက ဖြတ်ကျော်ဖို့ စောင့်နေကြတယ် ”လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိက သတင်းမီဒီယာတွေကို ပြောပါတယ်။

ထောက်ပံ့နိုင်တဲ့ အရင်းအမြစ်နည်းပါးတာကြောင့် နောက်ထပ် ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုထားပေမယ့် ယခုလအတွင်း ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ အစိုးရမျှော်မှန်းထားတာထက် နှစ်ဆများနေပါတယ်။

“ နယ်စပ်မှာ သတိထားစောင့်ကြည့်နေရတဲ့ လုံခြုံရေးအခြေအနေ တိုးမြှင့်ထားပေမယ့် မြန်မာနဲ့ ၁၆၈ မိုင်ထိစပ်နေတဲ့ နယ်စပ်ကို စီမံခန့်ခွဲရတာ အထူးသဖြင့် မြန်မာဘက်က ပူပေါင်းပါဝင်မှုမပါရင် စိန်ခေါ်မှုတွေ အရမ်းများတယ် ”လို့ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။

မကြာသေးမီက ဝင်ရောက်လာသူတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့သူတွေကို ဒုက္ခသည်စာရင်းသွင်းဖို့ အစိုးရက ဆုံးဖြတ်ချက်မချရသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူပြောပါတယ်။

“ ဒုက္ခသည်တွေကို လက်ခံလိုက်ရင် နောက်ထပ် အများအပြား ဝင်ရောက်လာနိုင်ပြီး ဒီကိစ္စကို မကိုင်တွယ်နိုင်ပါဘူး ၊ ဒါပေမယ့် ဘယ်လောက်ကြာကြာ လျစ်လျူရှုနိုင်မလဲဆိုတာက တကယ့်မေးခွန်းပဲ “ လို့ သူက ပြောပါတယ်။

Ref:Reuters
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW