နေပြည်တော် တပ်ကုန်းမှာ ရုတ်တရက်ရေကြီးလို့ ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ်ကယ်ဆယ်ရေး လိုအပ်

စက်တင်ဘာ ၁၁ – ၂၀၂၄
SS (VOM)
နေပြည်တော်၊ တပ်ကုန်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် ဒေသခံတချို့ ပိတ်မိနေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အဆက်မပြတ် ရွာသွန်းနေတဲ့မိုးကြောင့် မနေ့ စက်တင်ဘာ ၁၀ နေ့မှာ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်းနဲ့ တောင်ကျချောင်းရေတွေ မြင့်တက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် ရှောက်ကုန်းရွာ၊ လက်ပံကုန်းရွာ၊ ကင်းသာရွာ၊ မန်ကျည်းပင်ရွာ၊ ချောင်းခွရွာ အပါအဝင် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရမည်းသင်း၊ တပ်ကုန်း ဆည်ကျိုးကျပြီး နေရာတော်တော်များ ရေမြုပ်နေတယ်။ ကင်းသာရွာဘက်မှာလည်း မြေပြိုပြီး လူအသေအပျောက်ရှိတယ်လို့ သိရတယ်။ ရန်ကုန် – မန္တလေး လမ်းဟောင်း နေရာတော်တော်များ ရေမြုပ်နေလို့ ခုချိန် ကားငယ်တွေ လမ်းဟောင်းကနေ ခရီးမသွားသင့်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ မုံချောင်းဆည်မှ ရေတွေ၊ တောင်ကျချောင်းရေတွေကြောင့် ရုတ်တရက် ရေတွေမြင့်တက်လာပြီး ရေစီးလည်းသန်တဲ့အတွက် နေအိမ်တွေမှာ လူပိတ်မိတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“တပ်ကုန်းက အနော်ရထာရပ်ကွက် ရေအရမ်းကြီးပြီး အိမ်တွေမြုပ်နေတယ်။ အိမ်ထဲမှာ လူတွေပိတ်မိနေတယ်။ ရှောက်ကုန်း၊
လက်ပံကုန်း၊ အောင်မြေတွေဘက် ရေဝင်တာလည်း အရမ်းဆိုးတယ်။ တပ်ကုန်းက အောင်ဟိန်းလမ်းကြား အရှေ့ဖျားမှာလည်း ကလေးငယ်တွေနဲ့ ခေါင်းမိုးပေါ် တက်ပြီး ပိတ်မိနေတာရှိတယ်။ သစ်ဆိန်ပင်ရွာမှာလည်း အိမ်တွေ ရေတိုက်စားပြီး ပါကုန်ပြီ။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိလို့ အရေးပေါ်ကယ်ဆယ်ရေး အကူညီတွေ လိုအပ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလိုပဲ မကျီးပင်ရွာရှိ အုတ်ဖိုကျောင်းမှာလည်း ရေဝင်ရောက်နေတာကြောင့် သံဃာတော်တွေ၊ ကိုရင်တွေ ကျောင်းအတွင်း ပိတ်မိနေပြီး အခုလို တပ်ကုန်းက နေရာအများအပြားမှာ ပိတ်မိနေကြသူတွေဟာ ရေစီးသန်လွန်းတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
“တပ်ကုန်း၊ ရွှေပန်းတောကွေ့ဘက်မှာလည်း အသက် ၇၀ ကျော် လူအိုနှစ်ယောက် အိမ်ခေါင်မိုးပေါ် ရောက်နေပြီပြောတယ်။ ရွှေပန်းတောကွေ့၊ ရွှေဖူးကွမ်းယာဆိုင်နဲ့ မျက်နှာချင်းဆိုင် မချိုဆန်စက် အိမ်ဘေးလမ်းကြားက အိမ်လေးမှာပါ။ အချိန်ကြာကြာ တောင့်မခံနိုင်လောက်တော့ဘူးထင်တယ်။ အမြန်ကူညီပေးဖို့ ပြောချင်ပါတယ်။ ဖုန်းနံပါတ် ၀၉၉၅၆၇၃၃၈၈၆ ကို ဆက်သွယ်လို့ ရပါတယ်။ ခုထိတော့ အဲဒီဖုန်းလေး ခေါ်လို့ရပါသေးတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် တပ်ကုန်း၊ ဘုရင့်နောင် ရက်ကွက်၊ ဘိုးဘွားရိပ်သာ ခေါင်းရင်းတန်းလမ်း (ရွှေပန်းတောမုဒ်ပေါက် အနောက်ဘက်) မှာလည်း ခြောက်လသားအရွယ် ကလေးနဲ့ မိသားစု ပိတ်မိနေပြီး ဖုန်းနံပါတ် ၀၉၇၉၆၄၆၂၄၃၁ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေအထိခန့်မှန်းချက်အရ နေပြည်တော်နဲ့ အနီးတဝိုက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး တခါတရံ သည်းထန်နိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
မိုးလေဝသပညာရှင် စုစုစံရဲ့ ခန့်မှန်းချက်မှာတော့ နောက် လေးနာရီအတွင်း ဧလာ၊ လယ်ဝေး၊ နေပြည်တော်၊ ပျဥ်းမနား၊ ရေဆင်း၊ သိုက်ချောင်း၊ တပ်ကုန်း၊ ညောင်လွန်၊ ရမည်းသင်း၊ ရွှေဒါးရွာတန်း၊ ပျော်ဘွယ်၊ ယင်းတော်၊ ညောင်းရမ်း၊ ဘုရားငါးဆူ၊ လှိုင်တက်၊ ထူးတွင်းရွာ၊ သာစည်၊ ကွမ်းခြံရိုး၊ ညောင်ကုန်း၊ တောမ၊ မိတ္ထီလာ၊ မုံတိုင်၊ ရှမ်းမငယ်၊ ဆည်တို၊ ညောင်မြင့်၊ ပန်းအိုင်၊ မလှိုင်၊ ရေချို၊ သဖန်း၊ မိတ္ထီလာ ဒေသတွေမှာ မိုးရွာနိုင်ပြီး မိုးကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW