ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အဆုံတံတား ထက်ပိုင်းကျိုးလို့ ကားတွေသွားမရ ဖြစ်နေ

စက်တင်ဘာ ၁၁ – ၂၀၂၄
GG (VOM)
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ် နေပြည်တော် တပ်ကုန်းမြို့နယ်ထဲက အဆုံတံတား ထက်ပိုင်းကျိုးကျ ပျက်စီးသွားတာကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းသွားလာလို့မရတော့ဘဲ ကားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။
” အဆုံတံတားကျိုးသွားပါပြီ။ မိုးတအားသည်းပြီး တောင်ကျရေတွေကလည်းများ၊ ရေကလည်းတအားအတက်မြန်တဲ့အခြေအနေပါ။ရေတိုက်စားပြီးတံတားက ကျိုးကျသွားတာ။တပ်ကုန်းထဲက ရွာတွေလည်းအရေးပေါ်အကူအညီတွေလိုအပ်နေတယ်။ရေစီးတအားသန်တော့ကယ်ဆယ်ရေးလုပ်ဖို့တောင်ခက်နေတယ်” လို့ တပ်မြို့ခံ တယောက်ကပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ ရန်ကုန် – မန္တလေးလမ်းဟောင်းက သွားလာလို့မရတော့သလို တပ်ကုန်းကိုသွားဖို့အတွက်လည်း လမ်းဟောင်းက သွားဖို့အဆင်မပြေတော့တဲ့အတွက် အခြားလမ်းတွေကနေ သွားလာရမယ့်အခြေအနေဖြစ်သွားပါတယ်။
“အရေးပေါ်သွားရမယ်ဆိုရင်တပ်ကုန်းအဝင် Denko ဆီဆိုင်မရောက်ခင် သံလမ်းအကျော်ကနေ ပုဗ္ဗဘက်ကိုတလမ်းရှိမယ်။ တိုးဂိတ်မရောက်ခင် နီလာရိုးမဘေးလမ်းကတလမ်း ရှိပါတယ်။ဒါပေမယ့်ဒေသခံကို လမ်းအခြေနေမေးပြီးမှ သွားတာပိုကောင်းပါတယ်။ အခုရေကတအားကိုတက်ပြီး ရေစီးလည်းကြမ်းနေပါတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။
လက်ရှိတပ်ကုန်းမြို့နယ် ထဲမှာတောင်ကျရေတွေမြင့်တက်နေလို့ ကင်းသာရွာ၊လက်ပံကုန်းရွာအပါအဝင် ရွာအများအပြားမှာရေကြီး နစ်မြုပ်နေပြီး ခုချိန်ထိ ကယ်ဆယ်ရေးတွေ မရောက်ရှိလာသေးတာကြောင့် အရေးပေါ်ကယ်ထုတ်ဖို့လိုအပ်နေတဲ့ ပြည်သူတွေလည်းရှိနေတယ်လို့သိရပါတယ်။
တောင်ကျရေတအားမြင့်တက်ပြီးရေစီးကြမ်းတာကြောင့် နေအိမ်နဲ့အတူလူတွေပါ မျှောပါမှုတွေရှိသလို ပစ္စည်းတွေလည်းမျှောပါမှုတွေရှိကာ ကျေးရွာချင်းဆက် တံတားတွေလည်း ကျိုးကျပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW