တောင်ငူရေဘေး ပိတ်မိနေသူတွေကို ဆက်လက် ကယ်ထုတ်နေ

စက်တင်ဘာ ၁၄ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့အတွင်းက ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်နေပြီဖြစ်တယ်လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“ပိတ်မိနေတဲ့သူတွေကို စက်လှေတွေနဲ့ ကျွန်တော်တို့အကုန်လုံး ကယ်ထုတ်နေတယ်။ အခု ရွှေလင်းအေးရွာကလူတွေကို ကယ်ထုတ်နေတာ။ ရွာသစ်ရွာတရွာပဲ ကျန်တော့တယ်။ အဲဒီရွာမှာတော့ လူဦးရေ ၈၀ ဝန်းကျင်လောက် ကျန်ခဲ့တယ်။ အခု အဲဒီရွာကိုသွားကယ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
တောင်ငူမှာ ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေး ဝဲ/ယာ ကျေးရွာတွေအားလုံး ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရေက တမြို့လုံးလွှမ်းတာ။ မြို့လယ်ခေါင်တခုပဲ ကျန်ခဲ့တာ။ မြို့လယ်ခေါင်က အရင်တုန်းက ဘုရင်နေတဲ့မြို့ဆိုတော့ ကုန်းလည်းမြင့်တယ်၊ ပတ်ပတ်လည်ကလည်း ကျုံးရှိတာဆိုတော့လေ။ ရေမတက်ဘူး။ အဲဒီ တနေရာကလွဲလို့ ဘေးအစွန်ပတ်ပတ်လည် လေးဘက်လေးလံအကုန်လုံး ရေမြုပ်တာ” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်ထိ တောင်ငူမှာ ရေဘေးကြောင့် သေဆုံးသူ မရှိသေးဘူးလို့ သိရပြီး တမြို့လုံးနီးပါး အတိုင်းအတာအရ ရေဘေးသင့်ပြည်သူ တသိန်းကျော်လောက် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
တောင်ငူမြို့မှာ ရေအမြင့် ၁၄ ပေလောက်အထိ ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၁ ပေလောက် ပြန်ကျနေပြီဖြစ်ကာ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်၊ နေ့လယ်ပိုင်းအထိတော့ မိုးမရွာသေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ရေဘေး ကယ်ဆယ်ရေးစခန်းတွေနဲ့ ဘေးလွတ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေဆီ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အလိုက် တာဝန်ယူ ပြောင်းရွှေ့ပေး‌နေတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်‌ဆောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်နယ်‌မြေရှိ ဆင်သေဆည် ရေလွှတ် ချမှုအပါအဝင် တောင်ကျချောင်းရေတွေကြောင့် စစ်တောင်းမြစ်‌ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့တဲ့အတွက် တောင်ငူမြို့ရှိ ကျေးရွာအများအပြား နေအိမ်ခေါင်မိုးအထိ ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
တောင်ငူခရိုင်အတွင်း တောင်ငူမြို့နယ်အပြင် ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာတွေ၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်မြို့တို့အထိ ရေရောက်ရှိဖုံးလွှမ်းနေတဲ့အတွက် ကယ်ဆယ်ရေးအင်အား အများအပြားသုံးပြီး ကူညီပေးနေပေမယ့်လည်း ပိတ်မိနေတဲ့ပြည်သူတချို့ ကျန်ရှိနေသေးတယ်လို့ ရေဘေးသင့်ပြည်သူတွေက လူမှုကွန်ရက်မှတဆင့် အကူအညီတောင်းခံချက်အရ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၆ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW