သံလွင်မြစ် စိုးရိမ်ရေမှတ် ၇ ပေကျော်လို့ ဘားအံ တမြို့လုံးပါး ရေကြီးနေပြန်

စက်တင်ဘာ ၁၄ – ၂၀၂၄
GG (VOM)
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၇ ပေခန့်ကျော်လွန်ပြီး ဘားအံမြို့ ရေကြီးမှုသမိုင်းတလျှောက်မှာ အမြင့်ဆုံး စံချိန်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိဘားအံမြို့ပေါ် ရပ်ကွက်အားလုံးမှာ မြစ်ရေတွေဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာတွေမှာတော့ နေအိမ်တွေမြုပ်တဲ့အထိ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံလူမှုကူညီရေးအသင်းတွေက အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့သိရပါတယ်။
” တမြို့လုံးနီးပါးလမ်းတွေ အားလုံးရေကျော်နေပြီ။ ရေတွေဝင်ရောက်နေပြီ။ရွေ့ပြောင်းဖို့လိုအပ်တာတွေကိုတော့ လုပ်ပေးနေပါတယ်။အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ အိမ်တွေခေါင်မိုးလောက်ပဲမြင်ရတော့တာတွေလည်းရှိတယ်။ ခုတခါဘားအံရေကြီးမှုက စံချိန်သစ်ပါပဲ။တခါမှရေမရောက်ဖူးတဲ့နေရာတွေအထိ ရေတွေတက်နေတာပါ၊ အခုတော့ရေအတက်နှေးနေတယ်။” လို့မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတယောက်ကပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေစီးဆင်းခဲ့တာကြောင့် သံလွင်မြစ်ရေအတက်ကြမ်းပြီး ဘားအံတမြို့လုံးမှာ ကုန်းပိုင်းရပ်ကွက်မှလွဲပြီး ကျန်နေရာအားလုံး ရေလွမ်းနေ ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့သိရပါတယ်။
ဒါအပြင် ဘားအံ – ရန်ကုန် နဲ့ ဘားအံ – မော်လမြိုင် တွေကားလမ်းတွေမှာလည်း ရေကျော်နေတာကြောင့် အဝေးပြေး ကားတွေပြေးဆွဲမှုရပ်နားထားတယ်လို့သိရပါတယ်။
သံလွင်မြစ်ရေအတက်ကြမ်းတာကြောင့် ဘားအံအပြင် ကမောင်းမြို့နယ်နဲ့လှိူင်းဘွဲ့မြို့နယ်ထဲက ရွှေဂွန်းရွာအပါအဝင် မြစ်ကမ်းနံဘေးရွာတွေမှာ ရေတွေဆက်တိုးပြီး ရေနစ်မြုပ်မှုခံနေရတဲ့အတွက် အရေးပေါ်အကူအညီနဲ့အစားအသောက်၊သောက်ရေသန့်တွေလိုအပ်နေတယ်လို့သိရပါတယ်။
” ရွှေဂွန်းမှာ လည်းတခါမှရေမရောက်ဖူးတဲ့နေရာတွေရေရောက်နေတာ။ခုထိရွာထဲမှာ လူတွေရှိသေးတယ်။ နှစ်ထပ်အိမ်တွေကအောက်ထပ်တော့မြုပ်ကုန်ပြီ။ပစ္စည်းတွေလည်းအကုန်ရေထဲမှာပဲရွှေ့ချိန်ကိုမရဘူး။ရေကဆက်တိုးနေတယ်။တောင်ကျရေတွေဆိုတော့ ရွှံနူန်းရေတွေတက်နေတာ။အခုလှူဖို့ လုပ်နေတယ်။ ” လို့ ရွှေဂွန်းရွာကို အစားစာနဲ့သောက်ရေသန့်လှူဖို့ စီစဥ်နေသူတယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ဩဂုတ်လတုန်းကလည်း သံလွင်မြစ်ရေတက်လို့ ဘားအံမြို့နဲ့ကမောင်းမြို့မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်စထောင်နဲ့ချီရေဘေးသင့်ဒဏ်ခံခဲ့ရသလို ပစ္စည်းတွေလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
သံလွင်မြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိရောက်နေတာက ၉၆၉ စင်တီမီတာအထိ စိုးရိမ်ရေမှတ်ထက်ကျော်လွန် ရောက်ရှိလာတဲ့အပြင် နောက်ထပ်လည်း ၁ ပေလောက် ရေထပ်တက်နိုင်သေးတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW