ကလော ရေဘေး ၁၃ လောင်းတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေ

စက်တင်ဘာ ၁၅၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့က ရေဘေးမှာ ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေပြီး ပြည်သူတွေ အရေးပေါ် အမိုးအကာ လိုအပ်နေကြောင်း ကလော ကြက်ခြေနီ အသင်းဆီက သိရပါတယ်။
“အမြန်ဆုံး အရမ်းလိုတာ မိုးကာတွေ ဖြစ်တယ်။ တချို့အိမ်တွေက ပျက်သွားခဲ့ကြတယ်။ အမိုးတွေ ပွင့်သွားတယ်။ အိမ်တွေ အလုံးလိုက် ပါသွားတယ်။ ဒါတွေ ကျနော်တို့ လောလောဆယ် Camp တွေကနေ ပြန်ပြီးတော့ အိမ်တွေ ပြန်ချင်နေကြပြီ။ ကိုယ့်နေရာ ကိုယ် ပြန်ပြီးမှ သန့်ရှင်းရေးတွေလုပ်၊ တဲ တွေထိုးပြီး နေချင်ကြတာ။ အဲဒါ ကျွန်တော်တို့က မိုးကာတွေ မပေးနိုင်ဘူး ဖြစ်နေတယ်ဗျ။” လို့ ကလော ကြက်ခြေနီ အသင်း ဥက္ကဌ ဦးလှဝင်းက VOM ကိုပြောပါတယ်။
ကလောမြို့တွင်းထဲ အိမ်ပျက်ဆီးကုန်တာ ခန့်မှန်းခြေ ၁၅၀ လောက်ရှိပြီး ရွာတွေဘက်တော့ ပျက်စီးကုန်တာ ရှိပေမယ့် လောလောဆယ် မြို့တွင်းကိုပဲ လုံးပန်းနေကြရတာကြောင့် စာရင်းတွေ လိုက်မကောက်နိုင်သေးလို့ အချက်အလက်တွေ မရသေးဘူး လို့ သူက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ သေဆုံးတာက မနေ့က ထိ လက်ရှိ သင်္ဂြိုလ်ပြီးတာ ၁၂ ယောက်ပဲ ရှိပါတယ်ဗျ။ ဒီနေ့ နောက်တယောက်။ နောက်တယောက်ကို ကျနော်တို့ မနေ့ညက လှမ်းတွေ့ရတယ်။ လှမ်းတွေ့ရတဲ့ဟာ ရေပြင်ကွင်း ဖြစ်နေလို့ ဒီနေ့မှ သွားဖို့၊ ကြိုးစားဖို့ လုပ်နေပါတယ်ဗျ။ အဲဒါ ဆိုရင်တော့ ၁၃ ယောက် ဖြစ်သွားမှာပေါ့။” လို့ သူက ရှင်းပြပါတယ်။
ရေဘေး ဒဏ် အဆိုးဝါးဆုံး ခံရတဲ့ ရပ်ကွက် ၂၊ ၃၊ ၄ တွေမှာ ရေတွေ ရှိနေသေးပြီးလောလောဆယ် ဌာနဆိုင်ရာတွေ ပူးပေါင်းသန့်ရှင်းရေး ဝိုင်းလုပ်နေဆဲ ဖြစ်ကာ ကလော – မိတ္ထီလာ လမ်းကတော့ မနေ့ညနေ ၄ နာရီလောက်ကစ ပွင့်သွားပြီ၊ သွားလို့ရပြီ လို့ ဆိုပါတယ်။
“ကလောက ဆိုးဝါး လွန်းပါတယ်။ ပြန်နေဖို့ မလွယ်ပါဘူး။ ကလော မြို့မ ကျောင်းနဲ့ အ.ထ.က ၂ မှာ ရေဘေးဒုက္ခသည်တွေနေ နေပါတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက် ကလည်း ပြောပါတယ်။
ဆန်၊ ဆီ နဲ့ ဆေးဝါးတွေလည်း အကူအညီ လို နေပြီး ရေ လာပြီ ဖြစ်ပေမယ့် ဗွက်၊ နွံ တွေများလွန်းလို့ မြို့ထဲ သန့်ရှင်းရေး စလုပ် နေရတယ်လို့ သူက ပြောပါတယ်။
တချို့ ရေမစိုတဲ့ ကုန်းပိုင်းဘက် မီးရနိုင်ပေမယ့် ရေစိုတဲ့ အပိုင်း မီး အဆင်မပြေသလို ကုန်းပိုင်း တချို့နေရာ ဖုန်းလိုင်း နည်းနည်းရပြီး အင်တာနက်လိုင်း မရကြောင်း ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW