မလေးရှားမှာ ခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသားတယောက် မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ့



ကွာလာလမ်ပူ၊ စက်တင်ဘာ-၁၇-၂၀၂၃
မျိုးဆက်(VOM)

မလေးရှားနိုင်ငံမှာ တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ပြီး ပြည်ပသို့ခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသားတယောက်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ အတည်ပြုပါတယ်။

အဲဒီအမျိုးသားဟာ စက်တင်ဘာ ၁၁ ရက်ကတည်းက စတင်ဖျားနာခဲ့ပြီး ချောင်းဆိုး ၊ လည်ပင်းနာလက္ခဏာတွေ ပြသပြီးနောက် နောက်တနေ့မှာတော့ အဖုအပိန့်တွေ ထွက်လာခဲ့တယ်လို့ မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

မလေးရှားနိုင်ငံသားဖြစ်တဲ့ လူနာဟာ ရောဂါလက္ခဏာတွေမပြမီ ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့ခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“ ဒီလူနာရဲ့ အဆက်အသွယ်တွေအားလုံးကို ဖော်ထုတ်နေပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို တင်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စောင့်ကြည့် စစ်ဆေးနေပါတယ် ” လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစပြီး မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၀ ခုရှိခဲ့ပြီး ကိုးခုကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်မှုအားလုံးဟာ ပြင်းထန်မှုနည်းပါးတဲ့ clade II မျောက်ကျောက်မျိုးကွဲဖြစ်ပါတယ်။
အနီးကပ်ထိတွေ့ခြင်းမှလည်း ကူးစက်တတ်တဲ့ မျောက်ကျောက်ရောဂါဟာ လက်ရှိမှာတော့ အာဖရိကနိုင်ငံအချို့မှာ ကူးစက်မှုမြင့်တက်နေပြီး ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာကျန့်မာရေးအဖွဲ့က ကြေညာထားပြီး ထိန်းချုပ်နိုင်ရေး အပူတပြင်းလုပ်ဆောင်နေပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW