တောင်ငူရေဘေး အကူအညီ လုံးဝမရောက်သေးတဲ့ ရွာတွေရှိနေပြီး ရေပြန်တက်လာမှာကိုလည်း စိုးရိမ်နေရ

စက်တင်ဘာ ၂၀ – ၂၀၂၄
SS (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရေကြီးမှုမှာ အကူအညီ လုံးဝ မရောက်သေးတဲ့ ရွာတွေရှိနေပြီး ရေပြန်တက်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
တောင်ငူမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၂၀ ရက်အထိ ရေပြန်မကျသေးဘူးလို့ သိရပါတယ်။
“ရေကလည်း ပြန်တက်ဦးဆိုတော့ အချိန်နဲ့အမျှ စိုးရိမ်နေရတယ်။ အရင် ရေတက်ထားတာတောင် ကောင်းကောင်း ပြန်ကျသေးတာမဟုတ်ဘူးလေ။ အားလုံး အသစ်ကပြန်စဖို့ ကြိုးစားနေကြတုန်းမှာ နောက်တကြိမ်‌ ရေတက်ဦးမယ်ဆိုတော့ ရေဆိုတဲ့အရာကိုတောင် ကြောက်နေပြီ” လို့ တောင်ငူမြို့နယ်၊ မြင်းစုရွာမှ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိအချိန်အထိ အကူအညီ လုံးဝ မရသေးတဲ့ ကျေးရွာပေါင်း များစွာ ရှိနေသေးတာမှာ ဆင်ရွာ၊ ဒိုးတန်း၊ ပဒဲ၊ ကပနီ၊ ကမ်းနီ စတဲ့ ကျေးရွာတွေအပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေ၊ စမုံရေတံခါး အထက်ဘက်က ကျေးရွာတွေအပြင် တခြားသော ကျေးရွာတွေမှာလည်း အကူအညီတွေ မရရှိသေးဘူးလို့ သိရပါတယ်။
“အကူအညီ မရောက်သေးတဲ့ရွာတွေက ဆယ်နဲ့ချီပြီး ရှိနေသေးတယ်။ သွားရေးလာရေးခက်လို့ ဘယ်သူမှ မသွားနိုင်ကြဘူး။ ရောက်လည်း နည်းနည်းပဲ။ တယောက်စ၊ နှစ်ယောက်စလောက်ပဲ ရောက်မှာ။ တချို့နေရာတွေတော့ လုံးဝ မရောက်နိုင်သေးဘူး။ ရေကြီးကတည်းကဆိုတော့ ၁၀ ရက်လောက်ရှိနေပြီပေါ့။ စားရေးသောက်ရေး ဘယ်လိုဖြေရှင်းနေကြလဲတော့ မပြောတတ်ဘူး” လို့ တောင်ငူမြို့မှာ သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ Save The Trees Rescue Team မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေး လုပ်ဆောင်ဖို့အတွက် အဓိက လိုအပ်နေတာကတော့ လှေဖြစ်ပြီး လှေအစီးရေ မလုံလောက်တဲ့အတွက် ကူညီရေးပိုင်း အခက်တွေ့နေသလို အလှူရှင်တွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ အနည်းငယ် ပြန်ကျနေပြီဖြစ်ပေမယ့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲဲ့ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်မှာ ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူအထက်မှာ ကျဆင်းနေရာကနေ စက်တင်ဘာ ၂၆ ရက်မှာ စိုးရိမ်ရေမှတ်အထိ ပြန်တက်လာနိုင်တယ်လို့ အသိပေးထားပါတယ်။
တောင်ငူမြို့ရဲ့ လက်ရှိ မြစ်ရေအခြေအနေနဲ့ ပတ်သက်လို့ မြေပြင်မှာ ရောက်ရှိနေတဲ့ Save The Trees Rescue Team ရဲ့တာဝန်ရှိသူက “လက်ရှိမှာတော့ ရေတိုးတာ တန့်နေတယ်။ ပြန်တက်လာနိုင်ခြေလည်း ရှိနေပါတယ်။ အခြေအနေတော့ စောင့်ကြည့်နေရတာပေါ့။ စက်တင်ဘာ ၁၉ ရက်ကလည်း ညပိုင်းကလည်း ရေပြန်တိုးလာ ဖြစ်ခဲ့သေးတယ်။ သတိအနေအထားနဲ့တော့ နေနေရတယ်။ လက်ရှိ အခြေအနေကို သက်ခန်းစာယူပြီး ရှေ့ဆက်ပြင်ဆင်ရမှာပေါ့” လို့ ပြောပါတယ်။
ရေဘေးသင့် အခြေအနေတွေနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးဘက်တွေက ပြင်ဆင်ရမှာတွေအပြင် ကျေးရွာတွေအလိုက်ကိုလည်း ‌လှေတွေရှိဖို့အပ်သလို ဒေသခံတွေအနေနဲ့ကလည်း မိုးလေဝသတင်းတွေကို အဆက်မပြတ်လေ့လာပြီး တိတိကျကျ လိုက်နာဖို့လိုတယ်လို့ သူက ပြောပါတယ်။
“‌အခု အခြေအနေမှာ ဘာတွေတွေ့လဲဆိုတော့ မိုးလေဝသ အခြေအနေနဲ့ပတ်သက်လို့ ဘာမှ မဖြစ်လောက်ဘူး၊ မဟုတ်လောက်ပါဘူးဆိုပြီး နေနေခဲ့ကြတဲ့သူတွေ ရှိတယ်။ ကျွန်တော်တို့ဆို ရေစပြီး မကြီးခင်ကတည်းက ကယ်ဆယ်ရေးတွေ စလုပ်ခဲ့တာ။ ကြိုတင်ပြင်မှုအပိုင်း အနေနဲ့ပေါ့။ ဒါပေမယ့် ကျေးရွာတွေက တချို့ ဒေသခံတွေက ပြောစကား နားမထောင်ဘူး။ ခေါ်လို့တောင် မလိုက်ကြဘူးလေ။ တကယ်ဖြစ်လာတော့ ကူပါကယ်ပါနဲ့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ရေစီးကသန်၊ လှေကလည်းမလုံလောက် ဆိုတော့ အဆင်မပြေတော့ဘူး။ ကျွန်တော်တို့က ရေဘယ်အချိန်တွေတက်မယ်ဆိုတာ ကြိုသိလို့ သွားခေါ်တယ်။ နားလည်အောင် ရှင်းပြတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့။ တသက်လုံး ဒီမှာနေလာတာ၊ နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိပြီ။ ဘာမှမဖြစ်ဘူးဆိုပြီး။ တကယ်တမ်းဖြစ်လာရော ဘာမှမတတ်နိုင်တော့ဘူး။ ရေထဲမှာ လူတယောက်ကယ်ဖို့တောင် မလွယ်ဘူးလေ။ ရွာတရွာလုံးဆို ပိုဆိုးတာပေါ့။ ရေစီးကလည်း သန်နေတာကိုး။ တခြား လှေတွေမှောက်သလို ကျွန်တော်တို့လည်း လှေမှောက်တာပဲ။ ကံကောင်းလို့ မသေတာ” လို့ သူက ပြောပါတယ်။
လက်ရှိ တောင်ငူမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပြီး စာရင်းအရ လူဦးရေ ငါးသောင်းကျော်ရှိတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
Photo:Save The Trees Rescue Team

Related posts

Leave a Comment

VOM News

FREE
VIEW