ရုရှားပိုင်ဆိုင်မှုတွေသုံးပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံချေးမယ်လို့ အီးယူကြေညာ



ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၁-၂၀၂၄
ရတီ(VOM)

ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ပိုင်ပိုင်မှုတွေကနေ ရရှိတဲ့ငွေတွေကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံ ထုတ်ချေးမယ်လို့ ဥရောပကော်မရှင်ဥက္ကဌက ကြေညာလိုက်ပါတယ်။

ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ကိဗ်ယက်မှာတွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်.

ဒီချေးငွေဟာ ယူကရိန်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် ခေတ္တထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေရလာတာတွေကို အသုံးပြုမယ်လို့ ဥရောပကော်မရှင်ဥက္ကဌကဆိုပါတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ဇွန်လအတွင်းက ပြုလုပ်တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတရပ်လို့ ကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ဆိုပါတယ်။ ရုရှားအနေနဲ့ ပျက်စီးဆုံးရှုံးတွေ ပြန်လည်တည်ဆောက်ရေးအတွက် ပေးဆောင်ရမယ်လို့ သူကပြောပါတယ်။

ဒီချေးငွေတွေကို စွမ်းအင်နဲ့ ကာကွယ်ရေးကိစ္စတွေမှာ အဓိကအသုံးပြုမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။လက်ရှိမှာတော့ ယူကရိန်းနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

သမ္မတ ဇီလန်စကီးဟာ လာမယ့်သီတင်းပတ်မှာ အမေရိကန်ကို သွားရောက်မှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင် ၊ ဒုတိယသမ္မတ ကမလာဟားရစ်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းအပေါ် အမေရိကန်ရဲ့ လက်ဆက်ထောက်ခံမှုတွေကို အတည်ပြုဆွေးနွေးကြဖွယ်ရှိပါတယ်။

Ref:NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW