တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်



စက်တင်ဘာ ၂၂ – ၂၀၂၄
SN (VOM)

ဒီတပတ်မှာလည်း ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းတွေဟာ သိန်း ၇၀ နီးပါးမှာပဲ အတက်၊ အကျ အနည်းငယ်စီနဲ့ ရှိနေပါသေးတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့ တပတ်ကလိုပဲ တဒေါ်လာ ကျပ် ၅၀၀၀ ကျော်စွန်းစွန်းမှာသာ ရှိနေဆဲဖြစ်ပါတယ်။

စက်သုံးဆီဈေးကတော့ အနည်းငယ်လောက်သာ ပြန်တက်လာပြီး အခြေခံ စားသောက်ကုန်တွေကတော့ အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ပြည်တွင်းက အခေါက်ရွှေ ပြင်ပ‌ဈေးနှုန်းတွေဟာ အခုတပတ်အတွင်း ၆၈ သိန်းဝန်းကျင်မှာပဲ အနည်းငယ် အတက်အကျရှိနေခဲ့တာ ဖြစ်ပါတယ်။ တပတ်အတွင်း အနိမ့်ဆုံးဈေးကတော့ ခြောက်ဆယ့်ခုနစ်သိန်း ရှစ်သောင်းကျပ်ဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ခြောက်ဆယ့်ကိုးသိန်း ငါးသောင်းကျပ် ဖြစ်ပါတယ်။

“ရွှေဈေးက အရမ်းကြီးတက်လာဖို့တော့ မမြင်သေး‌ဘူး။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ထိုးတက်နေပေမယ့် ဒေါ်လာဈေးက လိုက်တက်မလာဘူးလေ။ အခု ကမ္ဘာ့ရွှေက စံချိန်တင်ဈေးတန်းကိုတောင် ရောက်နေတာ။ ဒါပေမယ့် ပြည်တွင်းရွှေဈေးတက်မယ့် အလားအလာတော့ မတွေ့သေးဘူး။ နောက်တခုက ပွင့်လင်းရာသီ ကောက်ပဲသီးနှံပေါ်ချိန်လည်း ရောက်လာတော့မှာဆိုတော့ အဲဒီအချိန်ဆို ရွှေဈေးက ကျတတ်တယ်။ အစစအရာရာ လေ့လာ စဉ်းစားပြီးတော့ ရောင်းမှားဝယ်မှား မဖြစ်ဖို့ကိုဘဲ ဂရုပြုစေချင်ပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဇူလိုင်လကုန်ပိုင်းကစပြီး စံချိန်တင် မြင့်တက်ခဲ့ရာကနေ ဩဂုတ်လအတွင်းမှာ တကျပ်သား သိန်း ၈၀ ကျော်အထိ စံချိန်တင်ဈေးတန်း ရောက်ရှိခဲ့ပေမယ့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းခဲ့ပြီးတဲ့နောက်မှာတော့ ဈေးနှုန်းတွေ အကျဘက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေတကျပ်သား ကျပ်သိန်း ၆၀ ဝန်းကျင် ဈေးနှုန်းကိုတော့ ပြန်မရောက်သေးပါဘူး။

ကမ္ဘာ့ရွှေဈေးကတော့ အရင်တပတ်က တအောင်စ ၂၅၇၈ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာဖြစ်ပေမယ့် ဒီတပတ်မှာတော့ တအောင်စ ၂၆၂၂ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ကာ တအောင်စကို ၄၄ ဒေါ်လာလောက် ပြန်လည် မြင့်တက်ခဲ့တာဖြစ်ပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

အမေရိကန်‌ဒေါ်လာဈေးကတော့ အခုတပတ်အတွင်းမှာ တဒေါ်လာ ကျပ် ၅၀၀၀ စွန်းစွန်းမှာပဲ ပုံမှန် ရှိနေခဲ့တာဖြစ်ပါတယ်။ သိသိသာသာ အတက်အကျ ကြမ်းခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

တပတ်အတွင်း အမြင့်ဆုံးဈေးကတော့ အမေရိကန် တဒေါ်လာ ၅၃၀၀ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးကတော့ ၅၁၀၀ ကျပ် ဖြစ်ပါတယ်။ အဲဒီ ဈေးတန်းမှာပဲ အပြောင်းအလဲ အနည်းငယ်နဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီတပတ်မှာ တခြားသော နိုင်ငံခြား ငွေလဲဈေးနှုန်းတွေလည်း အနည်းငယ် ဈေးငြိမ်လျက်ရှိတာမှာ ထိုင်းဘတ် ၁၅၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၇၀၀၀ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၈ ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ကျပ် ၃၈၃၀ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ပြီးခဲ့တဲ့တပတ်က ကျဆင်းခဲ့တဲ့ ဓာတ်ဆီ ဈေးနှုန်းတွေကတော့ ဒီတပတ်မှာ အနည်းငယ် ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒီဇယ်ဈေးတွေကတော့ အကျဘက်ကို ဆက်သွားနေပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၃၀၆၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၇၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၃၅ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၅၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၇၅ ကျပ် ဆိုပြီး သတ်မှတ်ထားတာပါ။

ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၀ ကျပ်၊ ၉၅ တလီတာ ၂၀ ကျပ်နဲ့ အနည်းငယ်စီ ပြန်လည်မြင့်တက်နေပြီး ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၄၀ ဝန်းကျင်နဲ့ ကျဆင်းလာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း ဓာတ်ဆီဈေးနှုန်းတွေ အနည်းငယ်စီ မြင့်တက်နေပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ ဆက်လက် ကျဆင်းလျက်ရှိပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ ရွှေ၊ ငွေဈေးတွေ ဘယ်လိုပဲ ကျဆင်းနေပေမယ့် လက်ရှိအချိန်အထိ တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။

စားအုန်းဆီဈေးကွက်မှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ရည်ညွှန်းဈေးသတ်မှတ်ချက်မှာ စားအုန်းဆီ တပိဿာ ၆၇၂၀ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၁၁၅ ကျပ် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြင်ပဈေးကွက်မှာတော့ စားဆီ တပိဿာကို တသောင်း နှစ်ထောင့်ငါးရာကျပ်ကနေ တသောင်းလေးထောင်ကျပ်အထိ အစားစား ရှိနေပါတယ်။

ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၀၅၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မြောက်ဒဂုံမြို့နယ်က တချို့ ရပ်ကွက်‌တွေမှာတော့ ဆီစာအုပ်လုပ်ပေးတာ နောက်ကျတဲ့အတွက် အခု စက်တင်ဘာလအတွက် စားဆီ တကြိမ်သာ ရရှိတယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

ဆန်ဈေးကတော့ အမျိုးအစားပေါ်မူတည်ပြီး ဆန်ကြမ်း တပြည်ကို ၄၈၀၀ ကျပ်၊ ၅၂၀၀ ကျပ်၊ ၅၈၀၀ ကျပ် ရှိတယ်လို့သိရပြီး ဆန်ချောကတော့ တပြည် ကျပ် ၆၈၀၀ ကနေ ၈၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ကြက်ဥကတော့ အရွယ်အစားအလိုက် တလုံး ၃၅၀ ကျပ်၊ ၄၅၀ ကျပ်နဲ့ ၅၀၀ ကျပ်အထိ ရှိနေပါတယ်။ ဘဲဥဈေးကတော့ ကျပ် ၅၀၀ ကနေ ၆၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ကြက်သွန်နီဈေးတွေကတော့ ပုံမှန်အတိုင်း အလုံးအရွယ်အစားအလိုက်၊ အမျိုးအစားအလိုက် တပိဿာ ၃၀၀၀ ကျပ်ကနေ ၃၅၀၀ ကျပ်အထိ ဈေးအမျိုးမျိုးရှိနေပါတယ်။ ကြက်သွန်ဖြူတွေကတော့ ဈေးအနည်းငယ် ကျဆင်းနေပြီး အမျိုးအစားအလိုက် တပိဿာ နှစ်သောင်းကျပ်ကနေ နှစ်သောင်းသုံးထောင်ကျပ်အထိ ရှိနေပါတယ်။ အာလူးကတော့ ဈေးထပ်တက်လာပြီး ရက်ပိုင်းအတွင်းမှာ အာလူးတပိဿာ ၈၀၀၀ ကျပ်ကနေ တသောင်းအထိ ဖြစ်လာပါတယ်။

ကုန်စိမ်းဈေးကွက်မှာတော့ တချို့ အသီးအရွက်ဈေးတွေက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၁၂၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၈၀၀ ကျပ်၊ ကန်စွန်းရိုးနီ တစည်း ၃၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစည်း ၄၀၀ ကျပ်၊ ပန်းဂေါ်ဖီ တပွင့် ၂၅၀၀ ကျပ် ရှိနေပါတယ်။ ‌နံနံပင်ကတော့ တပိဿာ ကျပ် သုံးသောင်းဈေးနဲ့ ဈေးထပ်တက်နေပါတယ်။ ဂေါ်ဖီထုပ်တွေကတော့ တထုပ် ၂၀၀၀ -၂၅၀၀ ကျပ်နဲ့ ဈေးပြန်ကျနေပါတယ်။

အသားငါးဈေးတွေတော့ အမြင့်ဈေးမှာပဲ ဆက်ရှိနေပြီး ငါးဒန် တဆယ်သား ၂၀၀၀ ကျပ်၊ ငါးကြင်းခေါင်းပွ တဆယ်သား ၂၈၀၀ ကျပ်ဈေး ရှိပါတယ်။ ပုစွန်ကတော့ တဆယ်သား ကျပ် ၂၀၀၀ ကနေ ၃၀၀၀ ဝန်းကျင်ဈေးပါ။

လက်လီစျေးကွက်ရဲ့ အသားတိုးကြက်ဈေးကတော့ တဆယ်သား ၁၆၀၀ – ၁၇၀၀ ကျပ်ဈေး ရှိပါတယ်။ ဝက်သားဈေးကတော့ အမြင့်ဈေးမှာ ဆက်ရှိနေပြီး ဝက်သားသုံးထပ်သား တဆယ်သားကို ၂၆၀၀ -၂၈၀၀ ကျပ် ရှိပါတယ်။ အမဲသား တဆယ်သား ၂၃၀၀ ကျပ် ရှိနေပြီး ဆိတ်သားဈေးကတော့ အနည်းငယ် ထပ်တက်လာတာမှာ တဆယ်သားကို ကျပ် ၃၀၀၀ ဈေးရှိကာ အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW