ရခိုင် စစ်ရှောင်စခန်းတွေက အရေပြားရောဂါအများစုက ဝဲရောဂါဖြစ်ပြီး လက်လှမ်းမီသလောက်သာ ကုသပေးနေရ

စက်တင်ဘာ၂၃ ၊ ၂၀၂၄
KH(VOM)
ရခိုင်ပြည်နယ်မြောက်ပိုင်း က မြို့တွေ ဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ ကူးစက်ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေဟာ ဝဲရောဂါ အများစုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နေသိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ ပြီးခဲ့တဲ့ဇွန်လ ထဲက အရေပြားရောဂါကူးစက်မှုတွေကို ခံစားနေရတာဖြစ်ပြီး အရေပြားရောဂါဖြစ်ပွားသူ ၅၀၀ ကျော်မှာ အသက် ၁၀နှစ်အောက်ကလေး ၁၀၀ ကျော် ပါဝင် ကြောင်း နဲ့ ဆေးဝါးတွေလိုအပ်ကြောင်း ဒေသတွင်း သတင်းတွေကဖော်ပြပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လက်လှမ်းမှီသလာက် စစ်ဘေးရှောင်စခန်းတွေကို သွားရောက် ကုသစစ်ဆေးခဲ့ရာမှာ ဝဲရောဂါက တဆင့် မပျောက်ကင်းနိုင်ပဲ ပိုးဝင်တဲ့အရေပြားရောဂါတွေအထိဖြစ်ရလို့ဆိုပါတယ်။
“စက်တင်ဘာ ၂၁ ရက်မှာ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက စစ်တွေပြည်သူ့ဆေးရုံကြီးက အရေပြားအထူးကုဆရာဝန်၊ သူနာပြု၊ စစ်တွေခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးများနဲ့အတူ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။အဲဒီက သောဘိတာရာမကျောင်းမှာ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၀ ရှိပြီး စစ်ဆေးချက်အရ အရေပြားရောဂါနဲ့လာရောက်ပြသသူ အယောက် ၄၀ ကို စမ်းသပ်စစ်ဆေးခဲ့ရာ မှာ ဝဲရောဂါ အယောက် ၃၀ ၊ ခြင်ကိုက်ယားနာ လေးယောက် ၊ အရေပြားမှိုစွဲရောဂါ (Fungal Infection) သုံးယောက် ၊ မိတ်ဖုယားနာ နှစ်ယောက် ၊ နှင်းခူရောဂါ တယောက်တို့ကို တွေ့ရှိကုသပေးခဲ့ပါတယ်လို့”ကျန်းမာရေးဝန်ကြီးဌာန ရဲ့တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က လွဲပြီး ကျန်မြို့နယ်တွေမှာ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ဆေးကုသရာ ဆေးရုံ၊ ဆေးခန်းတွေဖွင့်လှစ်နိုင်တာမရှိသေးတဲ့အတွက် ပြည်တွင်းသတင်းမီဒီယာတွေ က ဖော်ပြနေတဲ့ အရေပြားရောဂါ ဖြစ်ပွားသူ အရေအတွက်များစွာရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ကျန်းမာရေးဌာနက အတည်ပြုနိုင်တာမရှိသေးသလို စစ်ဆေးကုသပေးခဲ့တဲ့ စစ်ရှောင်နေရာတွေက အရေပြားရောဂါ ၊ ဝဲရောဂါတွေ ကူးစက်နေတာနဲ့ပတ်သက်ပြီး လက်လှမ်းမှီသလောက်သာ ကုသပေးနိုင်နေတယ်လို့ လည်း ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
ဝဲရောဂါက လူတယောက်က နေ တယောက် ကို ကူးစက်တတ်တဲ့အတွက် ရောဂါပျောက်ကင်းရန် ရောဂါရှိသူအားလုံးကို တပြိုင်နက် ကုသပေးဖို့ လိုအပ်ပြီး မိသားစုတွင် ရောဂါဖြစ်ပွားသူ ကျန်ရှိနေပါက ထပ်မံကူးစက်ပျံ့ပွားနိုင်တယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားရောဂါတွေ အရေအတွက်များပြားစွာ ဖြစ်ပွားနေဆဲဖြစ်ပြီး လူဦးရေထူထပ်စွာနေရတာ ၊ ဆေးကုသမှုမရတာ နဲ့ မသန့်ရှင်းတဲ့ သောက်သုံးရေးတွေကို အသုံးပြုနေရတာကြောင့် မိုးဦးကာလထဲက ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေဟာ သက်သာလာမှုမရှိပဲ ပိုမိုးကူးစက်လာနေတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ လင်းရောင်ခြည် ဖောင်ဒေးရှင်းကနေသိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW