ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းအစိုးရ ပြန်လွှတ်

ဘန်ကောက်၊ ဒီဇင်ဘာ-၃၁-၂၀၂၅
မျိုးဆက်(VOM)
စနေနေ့မှာ နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင်လမှာ နယ်စပ်ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ စိုးရိမ်မှုတွေကြောင့် ပြန်လွှတ်ပေးရေးကို တရက် ရွှေ့ဆိုင်းခဲ့ပေမယ့်လည်း သဘောတူညီချက် တည်တံ့စေဖို့ တရုတ်နိုင်ငံက သံတမန်ရေးဖိအားပေးမှု အဆက်မပြတ်ပြုလုပ်ပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်လာပြီး ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအတွင်း နှစ်နိုင်ငံစလုံးမှ လူတသန်းနီးပါး နေရပ်စွန့်ခွာခဲ့ရပါတယ်။
စနေနေ့ သဘောတူညီချက်မှာတော့ နှစ်ဖက်စလုံးက သူတို့ လက်ရှိရှိနေတဲ့ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို အမြန်ဆုံးပြန်လာခွင့်ပြုဖို့ သဘောတူညီခဲ့ကြပါတယ်။
အရပ်ဘက်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို နယ်စပ်စစ်ဆေးရေးဂိတ်တခုမှတစ်ဆင့် ကမ္ဘောဒီးယားအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်စဉ် ဆုမွန်ကောင်းတောင်းသူတွေက ကြိုဆိုခဲ့ကြပါတယ်။
ဇူလိုင်လမှစပြီး ဖမ်းဆီးခံထားတဲ့ သူတို့တွေကို ပြန်လွှတ်ပေးတာဟာ အစောပိုင်း ပဋိပက္ခတွေအတွင်း ကမ္ဘောဒီးယားမှာ အမျိုးသားရေးစိတ်ဓာတ်ကို ပြင်းထန်စေခဲ့ပြီး လွှတ်ပေးဖို့ တောင်းဆိုမှုဟာ ထိုင်းနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ အစိုးရရဲ့ အဓိကတောင်းဆိုချက်တွေထဲမှ တခုဖြစ်ပါတယ်။
စစ်သားတွေကိုလွှတ်ပေးတာဟာ စိတ်ရင်စေတနာကောင်းကိုပြသတာ ဖြစ်ပြီး ကမ္ဘောဒီးယားကလည်. လက်တွေ့လုပ်ဆောင်မှုတွေမှတဆင့် စေတနာကောင်းကို ပြန်လည်တုံ့ပြန်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့မှာ ပြောပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW