ကသာမှာ အစိုးရတပ် ထိန်းချုပ်ထားဆဲ

ဇန်နဝါရီ ၊၄၊ ၂၀၂၆
Shy V (VOM)
စစ်ကိုင်းတိုင်း အထက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့မှာ လက်ရှိအချိန်ထိ အစိုးရတပ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခုချိန်ထိ ကသာမြို့ထဲမှာပါ။ ဘေးကင်းပါသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကသာမှာတိုက်ပွဲ ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးစစ်ရှောင်ကြတယ်ဆိုတဲ့ သတင်းက ဘယ်က ရတာလဲတော့ မသိဘူး။ လက်ရှိအချိန်အထိတော့ ရုံးကြီး၊ ရဲစခန်း၊ အကျဉ်းထောင်၊ တပ် အားလုံး ဘာသံမှ မကြားသေးပါဘူး။ ရပ်ကွက်ထဲမှာတော့ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စိမ့်ဝင်နေလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။
“ကသာမြို့က အားလုံး အေးဆေးပါ။ တပ်မတော် အပြည့်အဝ ထိန်းချုပ်ထားဆဲပါ။” လို့ အစိုးရတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။
ယမနေ့ ဇန်နဝါရီ ၂ ရက်နေ့ည ၇ နာရီခွဲကျော်ခန့်နဲ့ ည ၁၁ နာရီခွဲကျော်ခန့်က သိမ်အင်းတောင်ဘက် ကားလမ်းဘက် လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိပြီး လက်ရှိထိ ထူးခြားတဲ့ လှုပ်ရှားမှုတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
“မပြေးရင် ကိုယ့်ခေါင်းပေါ် ကျည်တွေ ကျနိုင်တဲ့ အခြေအနေတွေမို့လို့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေလည်း ရှိနေတော့ ထွက်လာရတာပါ။ ဘယ်နေရာ ဘယ်အချိန် ဘာထဖြစ်မယ် ဆိုတာ မသိရပဲ စိတ်ပူနေရတဲ့ အခြေအနေမှာ ဘယ်သူ ဖြစ်ဖြစ် အသေမခံနိုင်လို့ ထွက်ပြေးကြရတာပါ” လို့ စစ်ဘေးရှောင်လာခဲ့တဲ့ စစ်ရှောင် တယောက်က ပြောပါတယ်။
တချို့နေရာတွေက ထွက်ခိုင်းလို့ ရှောင်ထွက်လာကြရတာဖြစ်ပြီး ကသာမြို့ အစပ်ကရွာတွေ၊ အင်းရွာ၊ ရွာသစ် မြို့ပတ်ချာလည်က ရွာတွေ အကုန်၊ မြို့နဲ့ ၅ မိုင်ပတ်လည် နေရာက ဒေသခံတွေက တိုက်ပွဲ ဘေးလွတ်ရာ တိမ်းရှောင်ရတယ်လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်တွေက ခြေဦးတည့်ရာ မိုးညှင်း၊ မော်လူး၊ ဖားပန်၊ နဘား၊ ကျောက်ပုံ ဘက် တိမ်းရှောင်ကြပြီး ကသာကနေ ကျောက်ပုံဘက် ထွက်၊ အင်းရွာဘက်ကူးပြီး မန္တလေးဘက် ရှောင်လို့ ရတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ် တစီးတည်းရှိလို့ မိဘကျန်၊ သားသမီးကျန် လို့ ပြန်လှည့်ကြိုတာတောင် အဝင်မခံတော့ပဲ မြို့ထဲကနေ ထွက်လာပြီးရင် ပြန်မဝင်ခိုင်းတော့တာကြောင့် ပစ္စည်းတွေများ ပြန်ဝင်ယူခိုင်းမလား၊ အခြေအနေများ ကောင်းလာမလား လို့ မျှော်လင့်ရင်း မြို့နဲ့ မနီးမဝေးမှာ အခြေအနေ စောင့်ဆိုင်းနေကြသူတွေ ရှိသလို ပြေးစရာ ဆိုင်ကယ်၊ ကား၊ ငွေ မရှိလို့ မရှောင်နိုင်တဲ့ လူတွေလည်း အများကြီး ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကသာ သိမ်းလိုက်တယ် ဆိုတာ မဟုတ်ပါဘူး။ ဝိုင်းပြီး ပိတ်ဆို့ထားတုန်းပဲ ရှိသေးတာပါ။ ​ထောင်လည်း မပွင့်ပါဘူး” လို့ PDF နဲ့နီးစပ် သူတယောက်က ပြောပါတယ်။
ကသာမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာရာက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW