ဇန်နဝါရီ ၄ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်းက မြို့နယ်တချို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် လူသေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းရှိ ရေတာရှည်တကြော တပြိုင်တည်း စစ်ရေး ဖော်ဆောင်နေသလို ပဲခူး၊ နတ်တလင်း၊ ကြို့ပင်ကောက်နဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာလည်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဒီ ကြို့ပင်ကောက်မှာ ဆိုရင်တော့ အစိုးရတပ်က မြေပြင်မှာလည်း အဆက်မပြတ် အင်အားတွေဖြည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေသလို လေကြောင်း တိုက်ခိုက်တာတွေလည်း ဆက်တိုက်ကို လုပ်နေတာ တွေ့ရတယ်။ လက်နက်ကိုင် တပ်တွေဘက်ကလည်း ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတာရှိတယ်။ တိုက်ပွဲတွေကတော့ မငြိမ်သေးဘူးလို့ဘဲ ပြောရမယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေကလည်း ကြို့ပင်ကောက်မြို့နယ်ရှိ အစိုးရတပ် တပ်စွဲထားတဲ့ အလယ်ကုန်းနယ်မြေ ရဲစခန်းမှာ နှစ်ရက်ဆက်တိုက် ဒရုန်း ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ညပိုင်းကလည်း အဲဒီ ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်က ဥယျာဉ်ကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပဲခူးတိုင်း (အနောက်ခြမ်း) နတ်တလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
နတ်တလင်းနယ်က ဒမငယ်ဖောင်ချောင်း၊ သခွတ်ကုန်း ကျေးရွာတွေဘက်မှာ လက်ရှိ အချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် ကံသုံးဆင့်ရွာဘက်မှာလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ ပြည်သူ့စစ်တွေကို ဒေသတွင်း လက်နက်ကိုင် တပ်တွေက ကြားဖြတ် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း နတ်တလင်းမြို့နယ် (အရှေ့ဘက်)၊ တယ်လေးကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် လေးယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေပြင်တိုက်ပွဲနဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကြို့ပင်ကောက်က ဒေသခံ ၅၀၀၀ ဝန်းကျင်၊ နတ်တလင်းနယ်က ဒေသခံ သုံးသောင်းနီးပါး နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
“ဒေသခံတွေကတော့ အများစုက ပဲခူးရိုးမနဲ့အစပ် တောင်ကုန်းတွေဘက်နဲ့ လွတ်မယ်ထင်တဲ့ နေရာတွေမှာ ရှောင်နေကြပါတယ်။ အခုလို ဆောင်းတွင်းအချိန်ကြီး တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတာ ဆိုတော့ အအေးဒဏ်ကြောင့် ဖျားနာနေကြတဲ့သူတွေလည်း ရှိတယ်။ ဘယ်အချိန်၊ ဘယ်ကာလကျမှ အိမ်ပြန်ရမယ် ဆိုတာလည်း မသိသေးဘူး။ လိုအပ်တာကတော့ ဆေးဝါးတွေရော၊ အနွေးစောင်တွေ၊ အနွေးထည်ရော၊ အမိုးအကာတွေရော လိုနေတာပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် ပေါက်ခေါင်းမြို့နယ်က အစိုးရတပ် စစ်စခန်းတွေနဲ့ ရေတာရှည်နယ်တကြော စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း ကျေးရွာတွေက အစိုးရတပ်ရဲ့ အထိုင်ချစခန်းတွေကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဝင်ရောက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) ပန်းတောင်း ဒေသဘက်မှာလည်း AA ပူးပေါင်းတပ်တွေက စစ်ရေး ဖော်ဆောင်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
