နန်းမွေစံ ပြန်လာပြီ

ဇန်နဝါရီ ၄ – ၂၀၂၆
SN (VOM)
ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ မော်ဒယ်နန်းမွေစံ ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မော်ဒယ် နန်းမွေစံဟာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ အခကြေးငွေယူကာ ဖြန့်ဝေမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ နဲ့ အမှုဖွင့် အရေးယူခံခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
“လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်တဲ့အထဲမှာ သမီးနန်းမွေစံ ပါလာပါပြီ” လို့ သူမရဲ့ မိခင်ဖြစ်သူက အသိပေး ပြောဆိုထားပါတယ်။
ဒီကနေ့ လွတ်ငြိမ်းထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်လည်း ပါဝင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေ​ပေမယ့် VOM က ဒီသတင်း အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးပြီးတဲ့နောက် တပတ်အတွင်းမှာတင် ပုဒ်မ နှစ်ခုနဲ့ တရားရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တလအတွင်းမှာတော့ အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင် သုံးနှစ်၊ အစိုးရဝန်ထမ်းတွေအပေါ် ဝတ္တရားနှောင့်ယှက်မှုဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဃ) နဲ့ ထောင်ဒဏ် ခုနစ်နှစ်၊ စုစုပေါင်း ၁၀ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သလို အဂတိမှု၊ လက်နက်မှု၊မတရားအသင်းဆက်သွယ်မှု စတဲ့ ခြွင်းချက်ပုဒ်မ ​တွေကလွဲရင် တခြားပုဒ်မနဲ့ ကျခံရသူ​တွေကို ပြစ်ဏ်ရဲ့ ၆ပုံတပုံ ​လျှော့​ပေါ့ခံစားခွင့်ပြုတယ်လို့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီထဲက​နေ မန္တ​လေး အိုးဘိုထောင်က ၂၈၃​ယောက်လွတ်​မြောက်ပြီး မန္တ​လေးတိုင်းအတွင်းက စုစု​ပေါင်း အကျဥ်း သား ၁၁၆၇ ​ယောက် လွတ်​မြောက်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက​နေ သိရပါတယ်။
Photo – CJ ပုံ​ဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW