ဘဝတွေကို တိုက်စားသွားတဲ့ ရေကြီးမှု

စက်တင်ဘာ ၂၆ ၊ ၂၀၂၄
SS (VOM)
ရာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းအပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီး၊ မြေပြိုမှုဖြစ်ခဲ့ကာ လူသေဆုံးမှုတွေ များခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တခုက သဘာဝဘေးဒဏ်ကို ခံရတာချင်းတူတူ မြန်မာနိုင်ငံရဲ့ အထိအခိုက်အသေအပျောက်စာရင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အများဆုံးပါ။
ပြီးခဲ့တဲ့ရက်က ပြင်းထန်လှတဲ့ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ်ကို မြန်မာပြည်နေရာ အတော်များများမှာ ခံစားခဲ့ကြရတာပါ။ အထူးသဖြင့် ရှမ်း၊ ကရင်နီ၊ ကရင်၊ နေပြည်တော် စတဲ့ ဒေသတွေက ပြည်သူတွေ အလူးအလဲနဲ့ မရှုမလှ ခံခဲ့ကြရပါတယ်။
အခု ရာဂီမုန်တိုင်းရဲ့ အဖျားခတ်ရုံအရှိန်ကြောင့် လူအသေအပျောက်ဟာ နာဂစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာရှိပါတယ်။ ဒါပေမယ့် ရေဘေးသင့်ဧရိယာက နာဂစ်တုန်းကထက် ပိုမိုကျယ်ပြန့်ခဲ့ပြီး ၅၉ မြို့နယ်အထိ ဖြစ်ပွားခဲ့တာပါ။
ရေဘေးသင့်တဲ့ ၅၉ မြို့နယ်စလုံးမှာ ကြိုတင်သတိပေး နှိုးဆော်ချက်နဲ့ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ဝရုန်းသုန်းကား ပြေးဆင်းလာတဲ့ ရေပင်လယ်ကြီးအောက် ပြည်သူတွေ ကျရောက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ နစက က ရာဂီမုန်တိုင်းအရှိန်ကြောင့် လူဦးရေ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေတယ်လို့ တရားဝင် ပြောကြားခဲ့ပါတယ်။ ထပ်မံပြီး စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာတော့ ရေကြီးမြေပြိုမှုကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၃၈၄ ယောက်အထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၈၉ ယောက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
နစကရဲ့ စာရင်းတွေအရ တိုင်းနဲ့ ပြည်နယ် ကိုးခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ နေပြည်တော်က သေဆုံးသူ ၁၆၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းကတော့ သေဆုံးသူ ၁၃၄ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
လူပေါင်း တသိန်းလေးသောင်း ရှစ်ထောင့်ခြောက်ရာ လေးဆယ့်သုံးယောက် ရေဘေးဒဏ်ခံနေရပြီး ၈၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါအပြင် စပါးစိုက်ဧကပေါင်း ခုနစ်သိန်းကျော် ပျက်စီးခဲ့ပြီး ပျက်စီးသွားတဲ့ အဆောက်အအုံပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဘီလီယံ သုံးဆယ်ကျော် သုံးစွဲဖို့ လျာထားတယ်လို့လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။
စက်တင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ဦးရေ ရှစ်သိန်းရှစ်သောင်း ခုနစ်ထောင်ဝန်းကျင် ရေဘေးဒဏ်ခံနေရတယ်လို့ သိရပါတယ်။ UNOCHA စာရင်းအရ သေဆုံးသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိပါတယ်။ အတည်မပြုနိုင်သေးတာတွေလည်း ကျန်နေပါသေးတယ်။
ကုလထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ၅၉ မြို့မှာ ရေဘေးသင့်နေပြီး နေရာအများစုမှာ ရေလွှမ်းနေဆဲပါပဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပရဟိတသမားတွေက သူတို့စွမ်းဆောင်နိုင်အားထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြရဆဲပါ။
ဒီတခေါက်ရေဘေးမှာ မိုးလေဝသခန့်မှန်းချက်တွေနဲ့ မလုံလောက်ခဲ့ဘူးလို့ နစက ဥက္ကဋ္ဌက စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်မယ်လို့ ကြိုတင်သတိပေးချက်တွေ ရှိခဲ့ပေမယ့်လည်း အခုအတိုင်းအတာထိ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မှန်းဆမှုမရှိခဲ့ကြဘူးလို့ နစက ဥက္ကဋ္ဌက ပြောပါတယ်။
သဘာဝဘေးတွေဆိုတာ ကောက်ကာငင်ကာ ထဖြစ်လေ့ မရှိဘဲ ဖြစ်ခါနီးပြီဆိုရင် လျော်ညီတဲ့ လက္ခဏာပြလေ့ ရှိပါတယ်။ နမူနာအနေနဲ့ ဒီတခေါက် ရေကြီးတဲ့ ဖြစ်စဉ်မှာဆိုရင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ”ဟာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာလ ၇ ရက်နေ့မှာ ဖြတ်ကျော်ပြီး တဖြည်းဖြည်း အားလျော့ကျသွားရာကနေ မုန်တိုင်းအကြွင်းအကျန်တချို့ မြန်မာနိုင်ငံထဲ ဝင်လာရင်းကနေ စတာပါ။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအပါအဝင် မိုးလေဝသ ကျွမ်းကျင်သူတချို့က ဒီဖြစ်စဉ်တွေကို အချိန်နဲ့ တပြေးညီ လက်လှမ်းမီရာ မျှဝေခဲ့ကြပါတယ်။
ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု ပမာဏ၊ ရေကြီးနိုင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေရဲ့ အချက်အလက်ရရှိမှု အားနည်းမှု၊ ရရှိရင်တောင် မိုးလေဝသ အသိပညာရေချိန် နည်းပါးမှုတွေကြောင့် ကြိုတင်ပြင်ဆင်ရာမှာ အားလျော့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ထိခိုက်သေဆုံးမှုပမာဏ ကြီးမြင်ခဲ့ရတာပါ။
ရေဘေးသင့်ဒေသတွေမှာ မိုးလေဝသ အသိပညာရေချိန် နည်းပါးမှုတွေကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့တာမှာ တချို့သော ဒေသခံတွေရဲ့ ယုံကြည်မှု လွန်ကဲခြင်းကလည်း တခုအပါအဝင်ပါပဲ။ ကြိုတင် ရှောင်တိမ်းနိုင်ဖို့ အချိန်ရခဲ့ပါရဲ့နဲ့ ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့ အထင်တခုနဲ့ ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် မဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့ရပါတယ်။
ဒါနဲ့ ပတ်သက်လို့ တောင်ငူမြို့မှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ Save The Trees Rescue Team ရဲ့ တာဝန်ခံက “ကျွန်တော်တို့က ရေဘယ်အချိန်တွေတက်မယ်ဆိုတာ ကြိုသိလို့ သွားခေါ်တယ်။ နားလည်အောင် ရှင်းပြတယ်။ ဒါပေမယ့် တချို့ ဒေသခံတွေက ပြောစကားနားမထောင်ဘူး။ ခေါ်လို့တောင် မလိုက်ကြဘူးလေ။ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့။ တသက်လုံး ဒီမှာနေလာတာ၊ နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိပြီ။ ဘာမှမဖြစ်ဘူးဆိုပြီး။ တကယ်ဖြစ်လာတော့ ကူပါကယ်ပါနဲ့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ရေစီးကသန်၊ လှေကလည်းမလုံလောက် ဆိုတော့ အဆင်မပြေတော့ဘူး။ ရေထဲမှာ လူတယောက်ကယ်ဖို့တောင် မလွယ်ဘူးလေ။ ရွာတရွာလုံးဆို ပိုဆိုးတာပေါ့။ တခြား လှေတွေမှောက်သလို ကျွန်တော်တို့လည်း လှေမှောက်တာပဲ။ ကံကောင်းလို့ မသေတာ” လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။
တောင်ငူမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပါတယ်။ ဒီကနေ့အချိန်အထိ ရေပြန်မကျသေးသလို လက်ရှိမှာလည်း ရေပြန်တက်လာနိုင်တဲ့ အခြေအနေတွေကြောင့် မြို့ခံတွေအနေနဲ့ စိုးရိမ်သောက ရောက်နေကြရပါတယ်။
အဲဒီလိုပဲ ရေကြီးမှု ဆိုးဆိုးရွားရွား ခံကြရတဲ့အထဲမှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ဒေသခံတွေလည်း ပါဝင်နေပါတယ်။ သပြေပင်၊ အင်တိုင်း၊ ကင်းရွာ၊ ချောင်းဖျား၊ ငါးသဲစု၊ မြင်းနား စတဲ့ ရွာတွေ၊ ဒေသခံတွေနဲ့ မိုးထိမိုးမိရွှေတွင်းက ရွှေလုပ်သား စုစုပေါင်းတရာကျော် ရေကြီး၊ မြေပြိုမှုအတွင်းမှာ ပျောက်ဆုံးနေဆဲပဲလို့ ကယ်ဆယ်‌ပေးနေသူတွေက ပြောပါတယ်။
အဲဒီ ရွာတွေထဲမှာ သပြေပင်ရွာကတော့ အိမ်ခြေ ၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီး အိမ်ခြေ ၂၂၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ ကြိုတင်မသိလိုက်ရဘဲ ချက်ချင်း ရေတွေ ရောက်လာတာကြောင့် အသက်လုပြေးခဲ့ရပြီး အိမ်ကအစ ရေထဲမျောပါကုန်တယ်လို့ သပြေပင်ရွာက ဒေသခံတယောက်က ပြောပါတယ်။ သူက လတ်တလောမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီ ဆောင်ရွက်နေသူတယောက်လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ‌သေဆုံးသူစာရင်းကို ဘယ်လိုမှ အတိအကျ ကောက်လို့မရဘူးလို့ သူက ပြောပါတယ်။ အဲဒီနေရာဟာ ရွာဆိုပေမယ့် ရွှေတောဖြစ်နေတဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေလာပြီး အလုပ် လုပ်နေသူတွေ၊ စစ်ဘေးရှောင်ရင်း အလုပ်လုပ်နေတဲ့သူ‌တွေ ရှိပြီး ဧည့်စာရင်း မတိုင်ထားတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ရွာဖြစ်နေတဲ့အတွက် ဧည့်စာရင်းကလည်း တိုင်စရာမလိုဘူးလေ။ အဲဒီလိုလူတွေလည်း ပျောက်သွားတာအများကြီး။ ဆိုးတာက အလောင်းတွေက ဖော်မရတာဆိုးတာ။ ဘာလို့လဲဆို ရေထုက ၁၅ ပေ၊ ပေ ၂၀ လောက်ကို တက်သွားတာ။ ကုန်းမြင့်မှာရှိတဲ့အိမ်က ချောင်းနဲ့တပြေးတည်း ဖြစ်သွားတာ။ ချောင်းကတော့ ဟိုတုန်းက ၁၂ ပေလောက်ပဲကျယ်တဲ့ ချောင်းလေးပေါ့။ အခုတော့ ချောင်းဘေး ဝဲ/ယာ ပေ ၂၀၀ လောက်ကိုက သဲပြင်၊ ခဲပြင်ကြီး ဖြစ်သွားတာ။ ပြောရမယ်ဆို ရေစီးကြောင်းပြောင်းပြီး မြစ်ကြီး ဖြစ်သွားတာပေါ့” လို့ သူက ပြောပါတယ်။
အသေအပျောက်စာရင်း လိုက်ကောက်ဖို့ရာကလည်း တောင်ပေါ်တက်ဖို့က လမ်းတွေက အကုန်ပျက်သွားတဲ့အတွက် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်တဲ၊ ဘယ်လုပ်ကွက်က ဘယ်နှစ်ယောက် ပါသလဲဆိုတာကို အတိအကျ စာရင်းကောက်နိုင်ရင်တော့ ရနိုင်တယ်လို့ သူက ပြောပါတယ်။
ရွာခံအနေနဲ့ကတော့ ရွာထဲက အယောက် ၂၀ လောက်တော့ ပါသွားတယ်လို့ သူက ပြောပါတယ်။ လိုင်းပေါ်မှာ ပျံ့နှံံ့နေသလို လူအယောက် ၇၀၀ တော့ မရှိဘူးလို့ ဆိုပါတယ်။
“နောက်ဆုံး လူတွေအကုန် ပါသွားရင်တောင်မှ သေဆုံးက ၂၀၀ အောက်ထစ်ပဲ ရှိမယ်။ ကျွန်တော်တို့အိမ်လည်း ပါသွားတယ်လေ။ ကျွန်တော်တို့အိမ်ရဲ့ အနောက်ကတအိမ်လည်း ပါသွားတယ်။ ကျွန်တော်တို့အိမ်နဲ့ ကပ်ရပ်ကတော့ ‌လားရှိုးကနေ စစ်ဘေးရှောင်လာတဲ့သူတွေပေါ့။ အဲဒီအိမ်က အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ကတော့ ပါသွားတယ်။ လတ်တလော လိုင်းပေါ်မှာ သူ့အဖေကယ်လို့ အသက်ရှင်ခဲ့တဲ့ ကလေးလေးက အဖေရော၊ အမေရော ပါသွားတယ်။ တကယ်တော့ ဖအေက လက်ကိုအဲဒီလို ဆန့်ဆန့်ကြီး မြှောက်ထားတာတော့ မဟုတ်ဘူး။ ကလေးကို ပုခုံးပေါ်တင်ပြီး ပွေ့ထားတဲ့ပုံစံမျိုးလေးနဲ့ သေနေတာ။ ကံကောင်းသွားတာက သူတို့က ဒိုက်ပုံပေါ်မှာတင်ကျန်ခဲ့လို့။ အဖေကတော့ တောင်ကျချောင်းဖြစ်တော့ သစ်လုံးတွေရော ပါတယ်ဆိုတော့ ရိုက်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တောင့်တောင့်ကြီး သေနေတာပေါ့။ ကလေးကတော့ သွားဆယ်တဲ့အချိန်ကျမှ အဖေလက်ထဲကနေ ထုတ်လိုက်မှ သတိပြန်ရလာတာ” လို့ သူက ပြောပါတယ်။
ရေဘေး နောက်ဆက်တွဲအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း အဲဒီ ရမည်းသင်းမြို့နယ်၊ ကင်းရွာမှာ ချောင်းကမ်းပါး ပြိုကျမှုကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီ မြေပြိုကျတဲ့နေရာဟာ ရေကြီးထားတဲ့အခံကြောင့် မြေသားမခိုင်ဘဲ ပြိုကျမှုတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူပဲ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာလည်း မိုးဆက်တိုက်ရွာသွန်းခဲ့မှု၊ ဆည်ရေလွှတ်မှုတို့ကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတာပါ။ ရေဘေးကြောင့် ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
နေပြည်တော်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်၊ မနက်ပိုင်းကစလို့ ရေဘေးဒဏ် ကြုံတွေ့ခဲ့ရတာပါ။ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်တို့က ကျေးရွာပေါင်း ၅၀ ထက်မနည်း ဆိုးဆိုးရွားရွား ရေကြီး နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ရေကြီးမှုဖြစ်စဉ်မှာ တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာတွေကတော့ ရေဘေးကို အဆိုးရွားဆုံး ကြုံခဲ့ကြရတာပါ။ ဒါပေမယ့် အချိန်နဲ့တပြေးညီ ထိရောက်တဲ့ ကယ်ဆယ်ကူညီရေးတွေကိုတော့ မရရှိခဲ့ကြပါဘူး။
တအိမ်လုံး ရေမြုပ်သွားလို့ ရေလွတ်ရာ သစ်ပင်တွေပေါ် နာရီနဲ့ချီပြီး တက်နေရသူတွေ၊ အိမ်ခေါင်မိုး ပေါ် တက်ခိုနေရသူတွေ၊ ရေဘေးမှာ ပိတ်မိနေသူတွေ အများအပြားကို ရှိခဲ့တာပါ။ လာရောက် ကယ်ဆယ်ပေးကြဖို့ လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် အကူအညီတောင်းခံမှု အများအပြားကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
“တချို့ အနိမ့်ပိုင်းနေရာတွေဆိုရင် ရေက ၁၀ ပေနီးပါး တက်တယ်။ တထပ်အိမ်တွေဆို အကုန်မြုပ်တာ။ တချို့ ရေစီးပြင်းတဲ့နေရာတွေက အိမ်တွေဆို အလုံးလိုက် ကျွတ်ပါကုန်တယ်။ ကျွန်မတို့အိမ်လည်းပါသွားတယ်။ အခုထိ ကယ်ဆယ်ရေးစခန်းမှာ နေနေရတုန်း။ ဘယ်သူမဆို ကိုယ့်အိမ်ပဲကိုယ်နေချင်တာလေ။ ဒါပေမယ့် ပြန်စရာအိမ်က ရေနောက်ကိုပါသွားပြီကိုး” လို့ ပျဥ်းမနားမြို့နယ်က ရေဘေးသင့် ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ နေပြည်တော်မှာ ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက် အလှူရှင်များစွာလည်း လိုအပ်နေတယ်လို့ ပုဗ္ဗသီရိမြို့နယ်က လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ရေဘေးကြောင့် ရေကြီး၊ မြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာလည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေဘေးသင့် အိမ်ထောင်စု ၉၀၀ ကျော်ရှိနေပြီး ပျောက်ဆုံးသူတွေကိုလည်း ဆက်ပြီး ရှာဖွေနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့အထိ ပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပြီး တချို့နေရာတွေမှာ ရှင်းလင်းရင်း အလောင်းပေါ်လာတာတွေလည်း ရှိတယ်လို့သိရပါတယ်။ ကလောမှာ ရေဘေးကြောင့် သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် သေဆုံးနဲ့ ပျောက်ဆုံးစာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ ရေပြန်ကျသွားပေမယ့်လည်း ရွှံ့နွံထူနေပြီး ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးတွေ ဆောင်ရွက်နေတာ တွေ့ရတယ်လို့ ပစ္စည်းသွားရောက် လှူဒါန်းသူတွေက ပြောပါတယ်။ ကလောမှာ ရေဘေးသင့် အိမ်ထောင်စု ၉၃၀ ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျသွားတယ်လို့ သိရပါတယ်။
သဘာဝဘေးတွေရင်ဆိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အပိုင်းနဲ့ ဖြစ်လာတဲ့အခါ ကယ်ဆယ်ရေး၊ နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေးအပိုင်းရှိပြီး မြန်မာနိုင်ငံမှာက ဒီနှစ်ပိုင်းလုံးမှာ အားနည်းနေတယ်လို့ ထောက်ပြကြသူတွေလည်း ရှိပါတယ်။ ရာဂီမုန်တိုင်းကြောင့် မြန်မာအပြင် ဗီယက်နမ်၊ တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ရေဘေးသင့်ခဲ့ပေမယ့် နိုင်ငံအလိုက် အစိုးရတွေရဲ့ သဘာဝဘေးကို စီမံခန့်ခွဲပုံတွေက မြန်မာနဲ့ ကွာခြားနေတာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
မုန်တိုင်းရာဂီ အဖျားခတ်မှုနဲ့ ကုန်းတွင်းပိုင်း ဝင်ရောက်မှုကို ကြုံတွေ့ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံဆိုရင် ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေနဲ့ မုန်တိုင်းထိတွေ့နိုင်တဲ့ နေရာတွေက ဒေသခံပြည်သူပေါင်း ရှစ်သောင်းကျော်ကို အချိန်တိုအတွင်း ဘေးလွတ်ရာ ကယ်ဆယ်နိုင်ခဲ့လို့ ဖြစ်စဉ်အပြီး သေဆုံးသူ အယောက် ၂၀ သာ ရှိခဲ့ပါတယ်။
အလားတူ မုန်တိုင်းရဲ့ ဗဟိုချက် လမ်းကြောင်းပေါ် ရှိနေခဲ့ပြီး မုန်တိုင်းဒဏ် တိုက်ရိုက်ခံစားခဲ့ရတဲ့ ဗီယက်နမ်ရဲ့ မြောက်ဘက်ကမ်းရိုးတန်းဒေသက ပြည်နယ် ၁၂ ခုမှာလည်း မုန်တိုင်းသတိပေးချက်တွေနဲ့ ရွှေ့ပြောင်းကယ်ဆယ်ရေးတွေ သေချာဆောင်ရွက်နိုင်ခဲ့လို့ အင်မတန်ဆိုးရွားပြင်းထန်တဲ့ အခြေအနေနဲ့ ကြုံခဲ့တာတောင် သေဆုံးသူ ၃၀၀ ဝန်းကျင်နဲ့ အခြေအနေကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ကြိုတင်ပြင်ဆင်မှုအပိုင်း ပြီးလို့ ဘေးအန္တရာယ်ကျရောက်ချိန် တုံ့ပြန်မှုပိုင်းမှာလည်း အားနည်းမှုတွေ အများကြီးရှိခဲ့ပါတယ်။ ရေစကြီးချိန် နေရပ်ကို စွန့်ခွာဖို့ အသိပေးကြေညာမှုတွေ လုပ်ခဲ့ပေမယ့် တကယ်အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ထိထိရောက်ရောက် အသိမပေးနိုင်ခဲ့လို့ အခြေအနေ ပိုဆိုးရပါတယ်။
ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်ချိန်မှာလည်း အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေရဲ့ အကူအညီကိုပဲ အဓိက ရယူခဲ့ရပြီး ဒီလို ရယူရာမှာ ဆက်သွယ်နိုင်မယ့် ဖုန်းတွေ မသိတာ၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ပြတ်တောက်တာကြောင့် တုံ့ပြန်ချိန် နောက်ကျခဲ့တာပါ။
ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုမှာ မြေပြင်အဖွဲ့တွေ အချင်းချင်းညှိနှိုင်းရင်းပဲ ပြည်သူက ပြည်သူကို ပြန်ကယ်သွားရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီလို ကယ်တင်ရင်းနဲ့ပဲ အသက်ပေးလိုက်ရတဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့လည်း ရှိခဲ့ပါတယ်။
လက်ရှိ ရေဘေးသင့် ဒေသတချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ရေစီးနဲ့အတူ လူ့အသက်တွေ မျောပါခဲ့ရသလို တသက်တာ စုဆောင်းထားသမျှတွေလည်း ဆုံးရှုံးခဲ့ကြရပြီ ဖြစ်ပါတယ်။ ရေတွေကြောင့် ဘဝတွေအများကြီး ဆွဲချ ဖျက်ဆီးခံလိုက်ရတာပါ။ လူသားတွေကို အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ တကောင်ကြွက်ဘဝ ရောက်တဲ့အထိ အချိန်ခဏလေးအတွင်းမှာ မယုံနိုင်လောက်အောင် ပြောင်းလဲပစ်ခဲ့ပါတယ်။
အခုအချိန်အထိ ရေဘေးသင့်ဒေသတွေအတွင်းမှာ နာလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေကြရဆဲပါပဲ။ အရင်လို ပြန်ဖြစ်လာနိုင်ဖို့က လနဲ့ချီပြီး ကြာမြင့်သွားနိုင်သလို စားဝတ်နေရေးအခက်အခဲတွေ ပုံမှန်ပြန်ဖြစ်လာဖို့က နှစ်နဲ့ချီပြီးတောင် ကြာမြင့်သွားနိုင်ပါတယ်။ လတ်တလော စားဝတ်နေရေးကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ ကူညီမှုကြောင့် ဖြေရှင်းလို့ရနေပေမယ့် ဘဝတခုပြန်စဖို့အတွက်ကတော့ အစစအရာရာ ခက်ခဲသွားကြပြီပဲ ဖြစ်ပါတယ်။ ။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW