ကလောက ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရသေး

စက်တင်ဘာ ၂၇၊ ၂၀၂၄
သတင်း-ZY
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်က မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေရှိ ရေဘေးသင့်ပြည်သူ အများစုဟာ အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ များစွာရှိနေပေမယ့် စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရောက်ဘဲ ဖြစ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။
ကလောမြို့နယ်မှာ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ဦးထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ဦးခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအပါအဝင် နိုင်ငံအနှံ့အပြားက အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ ရှိခဲ့ပေမယ့် ရေဘေးသင့်ပြည်သူ အများစုဟာ စားနပ်ရိက္ခာတွေသာ လက်ခံရရှိနေကာ လှူဒါန်းငွေတွေကတော့ မရဘူးလို့ ဆိုပါတယ်။
“အလှူရှင်တွေက ရက်ရက်ရောရော ပါဝင်လှူဒါန်းကြပေမယ့် တချို့နေရာမှာ အများစုက ကိုယ်ကျိုးအတွက် ကိုယ့်မိသားစုအတွက်ပဲ စီးပွားရှာနေကြတယ်။ ရပ်ကွက်ရုံးမှာ တအိမ်ထောင် ၃ သိန်းနဲ့ပေးပေမယ့် လတ်မှတ်အတုတွေထိုးပြီး ကြိုထုတ်သွားလို့ မရသူတွေလည်း အများကြီးရှိနေပါတယ်။ တကယ်အိမ်ပြိုပျက်စီး ကြသူတွေကို ဌာနဆိုင်ရာက စာရင်းကောက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာလူကြီးရဲ့ အမျိုးတွေ၊ ရင်းနှီးသူတွေပဲ စာရင်းပေးတယ်။ ကျန်တဲ့ အိမ်ပြိုပျက်စီးသူတွေက စားစရာကလွဲပြီး တကျပ်မှ မရဘူး”လို့ ဒေသခံ ရေဘေးသင့်ပြည်သူတဦးက ပြောပါတယ်။
ဒီလိုခွဲခြားဆက်ဆံခံရမှုတွေရှိနေတဲ့အတွက် အလှူရှင်တွေအနေနဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်းထိ မြေပြင်ကွင်းဆင်းကာ အိမ်တိုင်ရာရောက် လှူဒါန်းပေးကြဖို့နဲ့ အလှူရှင်တွေက စေတနာအားထက်သန်စွာ လာရောက်လှူဒါန်းသော ပစ္စည်းငွေကြေးတွေကို အလှူခံမယ့် မြို့သူ/သားတွေအနေနဲ့လည်း အလှူရှင်တွေ သဒ္ဓါစိတ်ပျက်ပြားစေသော သရုပ်ပျက်မှုတွေကို ရှောင်ရှားကြဖို့ ရေဘေးသင့်ပြည်သူတွေက မေတ္တာရပ်ခံထားကြပါတယ်။
“ဒီလိုကိစ္စတွေက နေရာတိုင်းမှာ အနည်းနဲ့ အများတော့ ရှိနေတယ်။ တကယ်မလုပ်ပဲနဲ့ လုပ်စားနေကြတာ အများကြီးပဲ။ မိတ်ဆွှေတယောက်ဆိုရင် အရင်က အိမ်ငှားဘဝနဲ့ နေလာတာ၊ ကိုဗစ်မှာမှ ပရဟိတ စလုပ်တယ်။ ကိုဗစ်ပြီးလို့ သိပ်မကြာဘူး၊ တိုက်နဲ့ ကားနဲ့ ဖြစ်သွားတယ်။ မစားကောင်းတဲ့ အသီးတွေကို စားရဲကြတယ်ဗျာ”လို့ ကလောမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ဒေသတွင်းပရဟိတအဖွဲ့တဖွဲ့ကို ဦးဆောင်နေသူတဦးက ပြောပါတယ်။
ကလောမြို့ပေါ်မှာ ယမန်နေ့ စက်တင်ဘာလ ၂၆ရက်၊ ညပိုင်းက ရေအနည်းငယ်ပြန်တက်လာခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းမှာ ပြန်ကျသွားခဲ့ပေမယ့် မြို့တောင်ဘက်ခြမ်းရှိ ဒေသတွေမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝမရသေးတဲ့ ကျေးရွာတချို့လည်းရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဓါတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW