စက်တင်ဘာ ၃၀ – ၂၀၂၄
SS (VOM)
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ Smart Card ပြုလုပ်နေချိန် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ပေါက်ကွဲမှုက နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပြိုင်နက်တည်းဆိုသလို ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဆန်အိတ်တွေထဲကနေ ထပေါက်တာလို့တော့ ကနဦးသိရတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုတော့ အဲဒီနေရာတွေ အနီးတဝိုက်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာတွေ ကန့်သတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့ အမျိုးသား လေးယောက်၊ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း ခုနစ်ယောက် ဒဏ်ရာရရှိခဲ့ကြပြီး အဲဒီထဲက အမျိုးသား တယောက်ကတော့ ဒဏ်ရာပြင်းထန်ကာ ကျန်တဲ့ ခြောက်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုမှာလည်း အမျိုးသား သုံးယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ကြည့်မြင်တိုင်မြို့နယ်မှ ရောင်စဉ်မဲ့ လူမှုကူညီရေးယာဉ်နဲ့ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် – ၅၀၀) ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ... -
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ... -
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့...