အောက်တိုဘာ၂ ၊ ၂၀၂၄
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အထူးသံတမန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်း၊ ဂျပန်တို့မှ အထူးသံတမန်ကိုယ်စားလှယ်များဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ မြန်မာနိုင်ငံမှ NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များအား ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ယင်းသည် အာဆီယံအဖွဲ့၏ မြန်မာ့အရေးကို နည်းဗျူဟာအသစ်ဖြင့် ချဉ်းကပ်ပုံအား အခြားအဖွဲ့များက ဝန်းရံပေးခြင်းဟု ယေဘုယျသဘော မြင်ကြည့်နိုင်သည်။ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီး တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့လက်ထက်တွင် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားလက်ထက်တို့တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် မြန်မာ့အရေးကိစ္စသည် လာအိုနိုင်ငံအပေါ် ကျရောက်၍လာခဲ့သည်။ လာအိုနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် တာဝန်ယူရသော်လည်း မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားသည့် နိုင်ငံမဟုတ်သောကြောင့် မြန်မာ့အရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတကာအရေး လေ့လာသူများက သုံးသပ်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည်။ ယင်းအထူးအစည်းအဝေးသို့ အာဆီယံဒေသတွင်း ခေါင်းဆောင်များနည်းတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးရပ်ကို ရရှိခဲ့သည်။ အဆိုပါအချက်ငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကို ရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများ ပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များ ဖြစ်သည်။
အာဆီယံမူအရ တခြားအဖွဲ့ဝင်နိုင်ငံများ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ မူဝါဒါကို ကိုင်တွဲထားသော်လည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများကိုပါ သက်ရောက်မှုများ ရှိလာသဖြင့် အဆိုပါဘုံသဘောတူညီချက်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်ကျော် ရှိလာသော်လည်း မည်သည့်အချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးသည့်အတွက် အာဆီယံ၏လုပ်ဆောင်မှုများနှင့် နစက အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ထိုသို့ ဝေဖန်မှုများမြင့်တက်လာချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူချိန် နောက်ဆုံးကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ နည်းဗျူဟာသစ်တစ်ခုကို အာဆီယံခေါင်းဆောင်များက ချမှတ်ခဲ့ကြသည်။
မြန်မာ့အရေးကို အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် သုံးနိုင်ငံက ပူးတွဲကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားခဲ့သည်။ သုံးနိုင်ငံဟုဆိုရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်အလှည့်ကျဥက္ကဋ္ဌတို့က ပူးပေါင်းဖြေရှင်းမည်ဖြစ်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ ချဉ်းကပ်မှုပုံစံအသစ်ဖြစ်ပြီး မြန်မာ့အရေးကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အာဆီယံချဉ်းကပ်မှုပုံစံသစ်အရ ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က မြန်မာ့အရေးကို ပူးတွဲကိုင်တွယ်ရမည်ဖြစ်သည်။
သို့သော် ထွက်ပေါ်လာသည့် သတင်းအရ ယခုဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့မှ အိမ်ရှင် အင်ဒိုနီးရှားအပြင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့သာ ပါဝင်ပြီး လက်ရှိအလှည့်ဥက္ကဋ္ဌ လာအိုနိုင်ငံ ပါဝင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။
ယခုဆွေးနွေးပွဲသို့ တက်ရောက်မည့် အထူးသံတမန်များထဲတွင် အာဆီယံ သုံးနိုင်ငံအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာအရေးတွင် အဓိကအရေးပါသည့် တရုတ်နိုင်ငံ ပါဝင်ခြင်း မရှိသကဲ့သို့ တရုတ်နှင့်နီးကပ်သော ဆက်ဆံရေး ရှိသည့် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ ပါဝင်ခြင်းပေ။
၎င်းအပြင် အတိုက်အခံဘက်ခြမ်းဖြစ်သည့် NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များအား ပါဝင်ရန် ဖိတ်ကြားထားသော်လည်း နစက ဖိတ်ကြားမထားခြင်းက မြန်မာ့အရေး ပြေလည်အောင် ဖြေရှင်းနိုင်မလား မကွဲပြားကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
နစက အနေ့ဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် NUG လက်အောက်ရှိ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စက်တင်ဘာ ၂၆ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
ယင်းကဲ့သို့သော အနေအထားတွင် အတိုက်အခံတစ်ဘက်တည်းကိုသာ အသိအမှတ်ပြု ဖိတ်ခေါ်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ဟူသည့် ရည်ရွယ်ချက်ကို လှစ်ပြနေသကဲ့သို့ ရှိသည်ဟုလည်း ဝေဖန်သူအချို့ကဆို၏။
မြန်မာနိုင်ငံအရေး၌ အရေးအပါဆုံး ပြည်ပနိုင်ငံဟု ဆိုရမည့်အပြင် မြန်မာနိုင်ငံနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသော တရုတ်နိုင်ငံကို အစည်းအဝေး၌ ထည့်သွင်းမှု မရှိခြင်းက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးအပေါ်ပါ စွက်ဖက်လွှမ်းမိုးလိုခြင်းဖြစ်တယ်လို့လည်း ဆိုကြသည်။
နစက အစိုးရက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် NUG လက်အောက်ရှိ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ကမ်းလှမ်းထားပြီး မြန်မာနိုင်ငံမှ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအပေါ် ဩဇာလွှမ်းမိုးမှုရှိသည့် တရုတ်နိုင်ငံကလည်း အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တောင်းဆိုထားသောကြောင့် မြန်မာနိုင်ငံ၏ အခြေအနေက အကောင်းဘက်သို့ မျှော်လင့်လာနိုင်သည်ဟုလည်း အကဲခတ်တချို့က ပြောသည်။
သို့သော် တရုတ်နိုင်ငံ ပါဝင်ခြင်းမရှိသည့် ယခုအစည်းအဝေးက အတိုက်အခံတစ်ဘက်ခြမ်းတည်းကိုသာ ဖိတ်ခေါ်ထားသည့်အတွက် မြန်မာနိုင်ငံ၏ အခြေအနေကို ပြေလည်ဖွယ်မရှိဘူးလို့လည်း သူတို့တွေက သုံးသပ်ကြပြန်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ၊ ဂျကာတာအစည်းအဝေးက မြန်မာနိုင်ငံအရေးအတွက် အပြုသဘောဆောင်ပါမည်လားဆိုသည်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် စောင့်ကြည့်ရန်သာ ရှိပါတော့သည်။
Related posts
-
This Day in History
Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက... -
ဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄ရတီ (VOM)ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း...