အဲယားကွန်းပါ ဒီဇယ်လျှပ်စစ်ရထားနဲ့ ရန်ကုန်-ပဲခူး နေ့စဉ်ပြေးဆွဲမယ်

အောက်တိုဘာ ၂-၂၀၂၄
GG (VOM)
ရန်ကုန် ကနေပဲခူး ရထား ခရီးစဥ်ကို စပိန်နိုင်ငံကနေဝယ်ယူထားတဲ့ အဲယားကွန်းပါ Diesel Electric Multiple Units(DEMU) ခေတ်မှီ ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းအသစ်တွေ နဲ့ ဒီနေ့အောက်တိုဘာလ ၂ ရက်မှာ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။
အဆိုပါ DEMU ရထားက ရန်ကုန်ကနေပဲခူးကိုပြေးဆွဲစဥ် ခရီးစဥ်တလျှောက်က ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ ဘူတာတွေမှာရပ်တန့်ပေးမှာဖြစ်ပြီး ခရီးစဥ်အစအဆုံးကို၂၅၀၀ ကျပ်ကျသင့်ကာ ခရီးတဝက်ကိုတော့၁၃၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။
” ထုံးကြီး၊ကျောက်တန်း၊တာဝ၊ဘုရားသုံးဆူဘူတာတွေဆိုရင် ၂၅၀၀ ကျမယ်။ကျန်တဲ့ဘူတာတွေက ခရီးတဝက်သတ်မှတ်တယ်။ဒီနေ့စပြေးဆွဲနေပါပြီ။အဲယားကွန်းရထားဖြစ်လို့ ရထားစီးတဲ့သူတွေအနေနဲ့လည်း စည်းကမ်းတကျလိုက်ပါစီးနင်းဖို့လိုပါတယ်။ပဲခူးကနေမနက်ထွက်ပါတယ်။” လို့ ပဲခူးဘူတာကြီးမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
DEMU ရထားတွဲဆိုင်းသစ်မှာ မတ်တပ်ရပ်စီးသူနဲ့ထိုင်ခုံစီးနင်းနိုင်မှုအနေနဲ့ လူပေါင်း ၈၃၂ ယောက်လိုက်ပါစီးနင်းနိုင်ပြီး ရထားတွဲဆိုင်း ခြောက်ဆိုင်းပါရထားတွဲနှစ်တွဲနဲ့ပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။
ဒီဇယ်လျှပ်စစ် ရထားတွဲဆိုင်းသစ်ပြေးဆွဲမှုအနေနဲ့ ရန်ကုန်ကနေ နေ့စဥ်ညနေ ၄နာရီ ၄၅မိနစ်မှာ ထွက်ခွာပြီး ပဲခူးကနေဆိုရင် မနက်၆နာရီမှာစတင်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။
DEMU ရထားတွဲဆိုင်းတွေကို စပိန်နိုင်ငံရဲ့ အကြီးဆုံးရထား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ CAF ကုမ္ပဏီက ဂျပန်ထုတ်ပစ္စည်းအစိတ်အပိုင်းတွေကို အသုံးပြုပြီး ထုတ်လုပ် တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ခေတ်မှီ ဒီဇယ်လျှပ်စစ်ရထားDEMU ရထားတွဲတွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး အဆိုပါရထားတွဲဆိုင်းသစ်တွေ ဝယ်ယူဖို့ကိုတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌကတော့ DEMU ရထားတွဲဆိုင်းသစ်တွေအပြင် လျှပ်စစ်ရထားတွေပါပြေးဆွဲဖို့ လုပ်ဆောင်သွားမယ်ပြောဆိုထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW