တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်



အောက်တိုဘာ ၆ – ၂၀၂၄
SN (VOM)

လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေ ပြန်လည် ကျဆင်းနေပြီ ဆိုပေမယ့် သိန်း ၆၀ စွန်းစွန်းမှာပဲ တဝဲလည်လည်နဲ့ ရှိနေသေးပြီး လက်ရှိအချိန်အထိ ထိပ်စီး မပြောင်းသေးပါဘူး။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ကျပ် ၅၀၀၀ နီးပါးမှာပဲ အတက်အကျ အနည်းငယ်စီနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။

စက်သုံးဆီဈေးတွေကတော့ ဒီတပတ်မှာ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်သလို တချို့ ကုန်စည်ဈေးတွေကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ပြီးခဲ့တဲ့တပတ်က ပြင်ပဈေးကွက်ရဲ့ အခေါက်ရွှေ ဈေးနှုန်းတွေဟာ ကျပ် ၆၃ သိန်းဝန်းကျင်အထိကို ပြန်လည် ကျဆင်းလာတာပါ။ ဒါပေမယ့် ၆၅ သိန်း၊ ၆၃ သိန်းဝန်းကျင်မှာပဲ အတက်အကျ အနည်းငယ်စီနဲ့ အပြောင်းအလဲ ရှိနေပြီး ဈေးကွက်အေးနေပါတယ်။

ဒီတပတ်ထဲ ရွှေဈေးအလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့မှာတော့ အခေါက်ရွှေ တကျပ်သား ၆၅ သိန်းခွဲအထိ ဈေးကို ဆွဲတင်ခဲ့ကြပေမယ့် ညနေပိုင်းမှာတော့ ၆၄ သိန်းနဲ့ ပြန်ပိတ်ခဲ့ပါတယ်။

“ရွှေဈေးက သိန်း ၆၀ ဖြစ်ပြီး အဲဒီကနေတဆင့် ထိပ်စီးပြောင်းလာဖို့ ဆိုတာက လောလောဆယ် မဖြစ်နိုင်‌လောက်သေးဘူး။ ကျမယ်ကြံလိုက် နည်းနည်းချင်းစီ ပြန်တက်သွားလိုက်နဲ့ သိန်း ၆၀ စွန်းစွန်းမှာပဲ လည်နေတာပေါ့။ ကမ္ဘာ့ရွှေဈေးကလည်း အတက်ဘက်မှာ ဈေးမငြိမ်၊ ဒေါ်လာဈေးကလည်း ကျတယ်ဆိုပေမယ့် ၄၇၀၀ ၊ ၄၈၀၀ ကျပ် ဝန်းကျင်မှာပဲ ရှိနေတာဆို‌တော့ ရွှေဈေးက အခု ရောက်နေတဲ့ ဈေးတန်းမှာပဲ ဆက်ရှိနေနိုင်သေးတယ်” လို့ ရွှေကုန်သည်တယောက်က သုံးသပ်ပါတယ်။

ဒီတပတ် ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ကမ္ဘာ့ရွှေ တအောင်စ ၂၆၆၈ ဒေါ်လာအထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။ အရင်တပတ်က တအောင်စ ၂၆၅၈ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့တာဖြစ်ပြီး ဒီတပတ်မှာတော့ တအောင်စ ၂၆၅၃ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ကာ ဈေးနှုန်းကွာဟချက် တအောင်စ ၅ ဒေါ်လာသာ ရှိခဲ့ပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

ငွေလဲဈေးကွက်မှာတော့ အမေရိကန်‌ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကစပြီး တဒေါ်လာ ကျပ် ၅၀၀၀ အောက်ကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ထင်သလောက် ကျဆင်းလာခြင်းမရှိဘဲ ကျပ် ၅၀၀၀ နီးပါးမှာသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီတပတ်ထဲ ငွေဈေးအလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ အမေရိကန် တဒေါ်လာကို ၄၈၅၀ အထိ ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် အဲဒီနေ့ ညနေပိုင်းမှာတော့ တဒေါ်လာ ၄၇၂၀ ကျပ်နဲ့ ဈေးပြန်ပိတ်ခဲ့ပါတယ်။

ဒီတပတ်မှာ တခြားသော နိုင်ငံခြား ငွေလဲဈေးနှုန်းတွေလည်း အနည်းငယ်စီ ပြန်လည် ကျဆင်းလျက်ရှိတာမှာ ထိုင်းဘတ် ၁၃၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၆၅၀ ကျော်ဝန်းကျင်၊ အိန္ဒိယရူပီး ၅၄ ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ကျပ် ၃၅၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြီးခဲ့တဲ့တပတ်က ထိုင်းဘတ် ၁၄၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၆၆၀ ကျော်ဝန်းကျင်၊ အိန္ဒိယရူပီး ၅၆ ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၃၆၀၀ ကျော်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

အခုတပတ် ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ စက်သုံးဆီ ဈေးနှုန်းတွေ အနည်းငယ် ပြန်လည် ကျဆင်းလာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အောက်တိုဘာ ၄ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၂၉၅၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၅၀ ကျပ်၊ ဒီဇယ် တလီတာ ၂၅၇၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၁၉၀ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၃၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၉၀ ကျပ်၊ ဒီဇယ် တလီတာ ၂၅၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၃၀ ကျပ် ဆိုပြီး သတ်မှတ်ထားတာပါ။

ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၈၀ ကျပ်၊ ၉၅ တလီတာ ၄၀ ကျပ်၊ ဒီဇယ် တလီတာ ၁၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၄၀ ဝန်းကျင် ကျဆင်းလာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ်စီ ပြန်လည် ကျဆင်းလျက်ရှိပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်အများစုက ဈေးနှုန်း အတက်ဘက်မှာသာ ရှိနေဆဲဖြစ်ပါတယ်။

စားအုန်းဆီဈေးကွက်မှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ ရည်ညွှန်းဈေးသတ်မှတ်ချက်မှာ စားအုန်းဆီ တပိဿာ ၆၇၂၀ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၁၃၀ ကျပ် လျော့နည်းလာတာကို တွေ့ရပါတယ်။

ပြင်ပဈေးကွက်မှာတော့ စားဆီ တပိဿာကို ကျပ် တသောင်းတထောင်ကနေ တသောင်းနှစ်ထောင်ကျပ်အထိ ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ဆန်ဈေးကတော့ အမြင့်ဈေးမှာ ဆက်ရှိနေပြီး ဆန်ကြမ်းအမျိုးအစား ဇီယာ တအိတ်ကို ရှစ်သောင်းခြောက်ထောင်ကျပ် ဖြစ်ပါတယ်။ ဆန်ချောအမျိုးအစား ရွှေဘိုအိုးဝင် တအိတ် တသိန်းရှစ်သောင်းကျပ်၊ ရွှေဘို ထူးထူးရှယ် တအိတ် တသိန်းခြောက်သောင်း ငါးထောင်ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။

ရပ်ကွက်ဈေးတွေမှာ ကြက်ဥ၊ ဘဲဥတွေက ဈေးအနည်းငယ် ပိုမြင့်တက်လာပါတယ်။ ကြက်ဥ အသေးဆုံးအရွယ်က ၃၄၀ ကျပ်ဈေး ဖြစ်လာပြီး အရွယ်အလတ်စား ကြက်ဥတွေက ၄၀၀ ကျပ်ဈေးမှာ ရှိပါတယ်။ သုံးလုံး ၁၀၀၀ ကျပ်နဲ့ရောင်းတဲ့ ကြက်ဥတွေက အရွယ်အစား အသေးဆုံးတွေဖြစ်လာပါတယ်။

ဘဲဥဈေးတွေကလည်း တဖြည်းဖြည်း မြင့်တက်လာပါတယ်။ တလုံး ၄၅၀ ကျပ်တန်အရွယ်အစား ဘဲဥတွေက အသေးဆုံးဖြစ်လာပါတယ်။ ဘဲဥတလုံး ၄၈၀ ကျပ်၊ ၅၀၀ ကျပ်၊ ၅၅၀ ကျပ်ဈေးတွေ ရှိနေပါတယ်။

အာလူးနဲ့ ကြက်သွန်နီဈေးတွေကတော့ ပုံမှန်အတိုင်း အမြင့်ဈေးနဲ့ ငြိမ်နေပါတယ်။ အာလူး တပိဿာ တသောင်းကျပ်ဈေးမှာရှိနေပြီး ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ၂၈၀၀ ကျပ်ကနေ ၃၇၀၀ ကျပ်ဈေးတွေနဲ့ ပုံမှန်အတိုင်းဖြစ်ပါတယ်။ ကြက်သွန်ဖြူဈေးကလည်း အမျိုးအစားအလိုက် တပိဿာ နှစ်သောင်းကျပ်ကနေ တပိဿာ ကျပ် နှစ်သောင်းခွဲဈေးတွေအထိ ဈေးနှုန်းအမျိုးမျိုးနဲ့ ပုံမှန်အတိုင်း ရှိနေပါတယ်။

ကုန်စိမ်းဈေးကွက်မှာတော့ တချို့ အသီးအရွက်ဈေးတွေက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၁၂၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၈၀၀ ကျပ်ဈေးတွေ ရှိပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၂၀၀၀ -၂၅၀၀ ကျပ်နဲ့ အမြင့်ဈေးမှာ ရှိနေပါတယ်။ နံနံပင်ကတော့ တပိဿာ ကျပ် သုံးသောင်းဈေးမှာပဲ ဆက်ရှိနေပါတယ်။

အသားငါးဈေးကွက်မှာတော့ တချို့ ငါး၊ ပုစွန်ဈေးတွေက အနည်းငယ် မြင့်တက်လာပြီး တချို့ကတော့ ပုံမှန်အတိုင်း ရှိနေပါတယ်။ ငါးကြင်းဖြူ တဆယ်သား ၂၂၀၀ ကျပ်ဈေးအထိ မြင့်တက်လာပြီး ငါးမြစ်ချင်းကတော့ တဆယ်သား ၁၅၀၀ ကျပ်နဲ့ ပုံမှန်အတိုင်းဖြစ်ပါတယ်။ ပုစွန်ဖြူ တဆယ်သား ၄၀၀၀ ကျပ်၊ ပုစွန်တုပ် အကောင်ကြီး တဆယ်သား ၅၀၀၀ ကျပ်ဈေးတွေရှိပါတယ်။

လက်လီစျေးကွက်ရဲ့ အသားတိုးကြက်ဈေးကတော့ တဆယ်သား ၂၀၀၀ ကျပ်ဈေး ရှိပါတယ်။ ဝက်သားဈေးကတော့ သုံးထပ်သား တဆယ်သားကို ၂၈၀၀ ကျပ် ရှိပါတယ်။ အမဲသား တဆယ်သား ၂၅၀၀ ကျပ် ရှိနေပြီး ဆိတ်သားဈေးကတော့ ၃၀၀၀ – ၃၂၀၀ ကျပ်နဲ့ အမြင့်ဈေးမှာ ရှိနေကာ အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW