ဖယ်ခုံအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်နေလို့ အခက်ကြုံနေရ

အောက်တိုဘာ-၆၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ အောက်တိုဘာလအစပိုင်းကနေ ဒီကနေ့အချိန်ထိ ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေတာကြောင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
အဲဒီစစ်ရှောင်စခန်းတွေမှာ စက်တင်ဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
“အဲဒီကတော့ ရေပြဿနာကြောင့်ဖြစ်တာပေါ့၊ သောက်ရေကော သုံးရေကောက တမျိုးတည်း သုံးနေရတာ။ အဲဒီကနေ အရေပြားရောဂါတွေက စဖြစ်ပြီး ကူးကုန်ကြတယ်။ ဝမ်းရောဂါဖြစ်တာကလည်း ဆက်တိုက် ဖြစ်လာပြီ။ နောက်တစ်ခုက ဆောင်းတွင်းရောက်လာတာရယ်၊ ခြင်ထောင်တွေမရှိတာတွေကြောင့် ရာသီ တုပ်ကွေးတွေလည်း ဖြစ်နေကြပြီ”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတယောက်က VOMကို ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ဆေးခန်းတွေနဲ့ သူနာပြုတွေရှိပေမယ့် ဈေးဝါးပြတ်လပ်မှုတွေကြောင့် လူနာတွေကို ကုသပေးဖို့ အခက်အခဲရှိနေသလို ရေကြီးမြေပြိုမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာခဲ့အတွက် ကရင်နီပြည်နယ်နဲ့ ဖယ်ခုံအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွေဟာ ဆေးဝါးရရှိနိုင်ဖို့ အလွန်ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် လူဦးရေ ၇၀၀ကျော်ဟာ ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ ခြင်ထောင်၊ အိပ်ယာနဲ့ အမျိုုးသမီး လစဉ်သုံးပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ အပါအဝင် အခြေခံလိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
ဒီဒေသတွေမှာ နစကတပ်ဖွဲ့နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် နှစ်ဘက်စလုံးကတော့ စစ်ရေးအခြေအနေနဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ အသေးစိတ်ထုတ်ပြန်အသိပေးတာတော့ မရှိပါဘူး။
ဓာတ်ပုံ-krc

Related posts

Leave a Comment

VOM News

FREE
VIEW