တာချီလိတ်မှာ ​​​ရေ​ကြီး​​​ပြန်လို့ ကြိုတင်ကာကွယ်ရေး အစီအမံတွေအပေါ် ဒေသခံတွေ ဝေဖန်

အောက်တိုဘာ ၁၅၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အောက်တိုဘာလ ၁၄ရက်၊ ညပိုင်းအချိန်ကနေ ဒီကနေ့ မနက်အစောပိုင်းအချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်မှု ထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းအချိန်မှာတော့ ရေအနည်းငယ်ပြန်ကျသွားပေမယ့် ရွံ့နွံတွေ ကျန်ရစ်ခဲ့မှုခဲ့ကြောင့် ကား၊ ဆိုင်ကယ်လမ်းချော်မှုတွေ ရှိနေသလို ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ရေတက်ခဲ့တာကြောင့် ကား၊ ဆိုင်ကယ်နဲ့ လူတွေဟာ ရေထဲကနေ ဖြတ်သန်းသွားလာနေရတယ်လို့ သိရပါတယ်။
“တချို့ရပ်ကွက်တွေဆိုရင် ကား၊ ဆိုင်ကယ်ဝင်ဖို့ တော်တော်ခက်ခဲနေတယ်။ ရေကပြန်ကျသွားရင် ရေနဲ့ ပါလာတဲ့ အမှိုက်တွေ၊ ရွံ့တွေက ကျန်ခဲ့တယ်လေ။ တာချီလိတ်မြို့ကြီးက အရင်က စီးပွားရေးမြို့ကြီး တမြို့ကနေ အခုဆိုရင် ဖုန်တွေ ရွံ့တွေနဲ့ ကား၊ ဆိုင်ကယ် စီးရတာ ရွာလမ်းဖြတ်မောင်းရနေသလိုပဲ။ ရွံတွေ ဗွက်တွေနဲ့အတူ တနေ့ကုန် နေနေရပါတယ်။ ဒီထက်ဆိုးတာက စာနာစိတ်မရှိတဲ့ ကား၊ ဆိုင်ကယ်တွေ ရေထဲအရမ်းမောင်းကြတယ်”လို့ ဒေသခံတယောက်က ပြောပါတယ်။
တာချီလိတ်မြို့တွင်းမှာ ရေကြီးရေလျှံမှုဟာ မကြာခဏဖြစ်ပေါ်နေတာကြောင့် အနိမ့်ရပ်ကွက်နေ ပြည်သူ ၁၀၀၀ခန့်ဟာ မြို့နယ်အားကစားရုံ၊ ပုန်းထွန်ရပ်ကွက်ရှိ ရှမ်းကျောင်း၊ မကာအိုခမ်းရပ်ကွက်ရှိ စိန်ဂျုဒ်ဘုရားကျောင်း၊ မယ်ခေါင်ရပ်ကွက်ရှိ ပြည့်စုံသက်သာနှစ်ခြင်းခရစ်ယာန်ကျောင်း၊ မယ်ခေါင်ရပ်ကွက် ၃လမ်းက တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန်အသင်း တို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာ အမြင့်ပိုင်း ရပ်ကွက်တွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။
ဒေသခံအာဏာပိုင်တွေကတော့ ရေကြီးရေလျှံမှုနဲ့ ပါတ်သက်လို့ သတိပေးနှိုးဆော်တာတွေ ပြုလုပ်တာ ရှိပေမယ့် ကြိုတင်ပြင်ဆင်ကာကွယ်ရေးအတွက် အစီအမံတွေ ထိထိရောက်ရောက်လုပ်ဆောင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
တာချီလိတ်မြို့မှာ စက်တင်ဘာလ ၁၀ရက်က ဒီကနေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဆက်တိုက်ဖြစ်ပွားပြီး လူ ၁၄ဦးထက်မနည်း သေဆုံးခဲ့သလို နေအိမ် ၄၀ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW