အင်းလေးဒေသ၊ ခေါင်တိုင်မှာ ဒုတိယအကြိမ် ရေထပ်ကြီးလို့ အရေးပေါ် တိမ်းရှောင်ရပြန်

အောက်တိုဘာ ၁၅၊ ၂၀၂၄
သတင်း-ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ခေါင်တိုင်ကျေးရွာမှာ ဒီကနေ့ အောက်တိုဘာလ ၁၄ရက်၊ ညနေပိုင်းက စတင်ပြီး ချောင်းရေဝင်ရောက်မှုကြောင့် နေအိမ်တွေ နှစ်မြုပ်ကုန်တာကြောင့် ဒေသခံတွေဟာ အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ကနေ ၁၇ရက်နေ့အထိ ရေဆက်တိုက်ဝင်ရောက်မှုဖြစ်ပွားခဲ့သလို အောက်တိုဘာလ၊ ပထမပါတ်မှသာ ရေပြန်ကျသွားတဲ့ ခေါင်တိုင်ကျေးရွာဟာ ဒီကနေ့မှာတော့ တောင်ကျချောင်းရေအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒုတိယအကြိမ်ရေဘေးဒဏ် ခံနေရတယ်လို့ ဆိုပါတယ်။
“ချောင်းရေမကျသေးလို့ လုပ်စားကိုင်စားရတာ ဒုက္ခရောက်ပါတယ်ဆိုမှ ချောင်းရေ ဒုတိယအကြိမ် ထပ်ဝင်တာ။ ဘယ်လိုတွေ လုပ်ကိုင်စားသောက် ရတော့မလဲ မသိဘူး။ ပထမအကြိမ်ရေဝင်ထားတာကို သန့်ရှင်းရေးလုပ်ပြီးရုံရှိသေးတယ်။ ခုထပ်ဝင်တာက ပထမတစ်ခေါက်ထက် ပိုဆိုးတယ်”လို့ ခေါင်တိုင်ဒေသခံ မလဲ့လဲ့စံက VOMကို ပြောပါတယ်။
ခေါင်တိုင်တောင်ရွာမှာ အိမ်ခြေက ၃၀၀ခန့်ရှိပြီး လက်ရှိမှာ အနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ခန့်က ရေဝင်ရောက်နှစ်မြှုပ်နေတာကြောင့် လူဦးရေ ၈၀၀ခန့်က နီးစပ်ရာကို အရေးပေါ်တိမ်းရှောင်နေရသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
အင်းလေးဒေသမှာ ပထမအကြိမ်ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင်း ရွာပေါင်း ၁၇၂ရွာ ရေနစ်မြှုပ်ခဲ့ပြီး လူဦးရေ သောင်းချီက ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရသလို တချို့ကျေးရွာတွေဟာ ဒီနေ့အချိန်ထိ ရေပြန်မကျသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW