တာချီလိတ်မှာ မိုင်းဖုန်းဆရာတော်တည်ထားတဲ့ ဓာတ်တော်စေတီနဲ့ ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးခံရ

အောက်တိုဘာ-၂၄-၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ တတိယပါတ်အတွင်းက မိုင်းဖုန်းဆရာတော်တည်ထားတဲ့ ဓာတ်တော်စေတီနဲ့ ဘုရားရုပ်ပွားတော်တွေ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ နယ်မြေ (က)ရှိ မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) တည်ထားတဲ့ ဓာတ်တော်စေတီရှိ ထီးတော်တွေကို အမည်မသိ လူတစုက ချိုးဖျက်ခဲ့သလို ဘုရားရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်တွေကို ဖြတ်ပစ်ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်သူတွေ လုပ်သွားတာလဲတော့ မသိဘူး။ အာဏာပိုင်တွေကတော့ အသည်းအသန် လိုက်စုံစမ်းနေတယ်။ တမင်သက်သက်ဖျက်ဆီးတာလား၊ မူးယစ်ဆေးကြောင်ပြီး လုပ်သွားတာလား တခုခုပေါ့။ အဲဒီနေရာတဝိုက်က ဆေးသမားတွေ များတယ်။ ဦးခေါင်းတော်တွေကို ဖြတ်ထားတာရှိတယ်။ ဆရာတော်ရုပ်ထုရဲ့ ဦးခေါင်းတော်ကိုလည်း ရေးခြစ်သွားတယ်။ ရုပ်ပွားတော်ကိုလည်း တံမျက်စည်းတွေ တင်ထားခဲ့ကြတာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဓာတ်တော်စေတီ ထီးတော်နဲ့ ဘုရားရုပ်ပွားတော်တွေကို အခြားနေရာတွေမှာ သယ်ယူစွန့်ပစ်ထားတာတွေ ပြုလုပ်ထားသလို ဘုရားရုပ်ပွားတော်တွေကိုလည်း ရေကန်ထဲပစ်ချထားပြီး ကြေးနဲ့ သွန်းလုပ်ထားတဲ့ ရုပ်ပွားတော် တဆူနဲ့ ကျောက်နဲ့ ထုဆစ်ထားတဲ့ ရုပ်ပွားတော် နှစ်ဆူ၊ ထီးတော်ရှိ စိန်တွေလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
အဲဒီလို ဖျက်ဆီးခံလိုက်ရတဲ့ ဓာတ်တော်စေတီ ထီးတော်နဲ့ ဘုရားရုပ်ပွားတော်တွေကို ပြန်လည် ပြုပြင်ပေးဖို့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ချမှတ်ဆောင်ရွက်ဖို့ ဘူတန်နိုင်ငံမှာ တရားကျင့်ကြံနေတဲ့ မိုင်းဖုန်းဆရာတော်က မိန့်ကြားထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၊ တတိယပါတ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ စေတီတစ်ဆူရှိ ဘုရားဆင်းတုတော်တွေကို အမည်မသိလူတစုက ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW