ZY(VOM)
နိုဝင်ဘာ ၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပွဲရက်ရွေ့ဆိုင်း လိုက်တဲ့အတွက် ဟိုတယ်ဘိုကင်တင်ထားသူတွေဟာ အခက်ကြုံနေရတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
မူလက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ပြောင်းလဲကျင်းပမယ်လို့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၈ရက်၊ ညပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။
ဒီပွဲတော်ရွေ့ဆိုင်းမှုကြောင့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံးမှာ ကြိုတင်ဘိုကင်ပြည့်နေတဲ့ ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ အခက်ကြုံနေရပြီး ဟိုတယ်ဘိုကင်ထပ်မရရှိတဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
“၈ရက်ကနေ ၁၆ရက်အထိက ဘိုကင်တွေကြိုတင်ထားလို့ ပြည့်နေပြီသား။ အခုက ရက်ရွေ့လိုက်တော့ တိုင်ပါတ်တာပေါ့။ အကုန်လုံးက နောက်ဆုံး ၂ညနဲ့ ဆုပေးပွဲကို ကြည့်ချင်လို့ လာကြတယ်။ အခုလို ရက်ရွေ့လိုက်တော့ ဟိုတယ်ဘိုကင်လည်း ထပ်မရ၊ ပွဲလည်ချင်တဲ့ရက်တွေလည်း မလည်ရနဲ့ ကောင်းကောင်း တိုင်ပါတ်တာပေါ့”လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ရာသီဥတုကြောင့်လို့ မထင်ဘူး၊ တခြားအကြောင်းအရင်းတစ်ခုခုရှိလို့ နောက်ဆုတ်လိုက်တာလို့ ယူဆတယ်။ ဖြစ်နိုင်ရင်တော့ မလည်စေချင်ဘူး။ ဟိုနေ့က အေးသာယာမှာ လက်နက်ခဲယမ်းတွေ အများကြီးမိတယ်။ အဲဒီနောက်ပိုင်းကတည်း စစ်ဆေးရေးတွေကို တင်းကြပ်ထားတာ။ ကား၊ ဆိုင်ကယ်တွေကိုလည်း ဖမ်းတာ ဆက်တိုက်ဖြစ်နေတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ရက်၊ နေ့ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်၊ ညပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို အဲဒီဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေကို နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- Phonelay Myat
ပုံအညွှန်း-ယခုနှစ်တန်ဆောင်တိုင်ပွဲအတွက် ပြင်ဆင်နေမှု