တောင်ငူအနီး တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

နိုဝင်ဘာ ၉ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့အပြင်ရှိ ကျေးရွာတွေအနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ အဲဒီ ဒေသခံတွေဆီက သိရပါတယ်။
တောင်ငူမြို့အပြင်က အိုင်စောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ကျင်း၊ ညောင်စခန်း၊ ကွမ်းသီးပင်နဲ့ ဇီးဖြူကုန်းကျေးရွာတို့မှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ မနက်အစောပိုင်းကစပြီး နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲက ရုတ်တရက်ကြီးထဖြစ်တာ။ နှစ်ဖက် ပစ်ခတ်တာတွေနဲ့ တော်တော်ပြင်းထန်တယ်။ ရွာထဲ၊ လယ်ကွင်းတွေထဲ လက်နက်ကြီးကျတာတွေ ရှိနေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ချက်ချင်းရှောင်ရတာ။ အဝတ်အစားတွေကလွဲလို့ ဘာမှကိုမယူနိုင်ဘူး” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကျေးရွာတွေအတွင်း ပိတ်မိနေသူတွေရှိသလို တောင်ငူမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိနေပြီး စစ်ရှောင်အရေအတွက် လေးထောင်ဝန်းကျင်ရှိနေကာ နီးစပ်ရာနေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“စစ်ရှောင်စခန်းတွေက တောင်ငူမြို့ပေါ်မှာ ယာယီဖွင့်ထားတာ ငါးနေရာလောက်တော့ ရှိတယ်။ ဆွေမျိုးသားချင်း မရှိတဲ့ စစ်ရှောင်တွေက တောင်ငူမြို့ပေါ်က စစ်ရှောင်စခန်းတွေကို ရောက်လာကြတာရှိတယ်။ ကျန်တဲ့လူတွေကတော့ နီးစပ်ရာရွာတွေ၊ မနီးမဝေးရွာတွေမှာ နေကြတာရှိတယ်။ မြို့ထဲက အသိအိမ်တွေမှာ နေကြတာရှိတယ်။ ခုဏကတင်ပဲ ကျေးရွာနှစ်ရွာလောက်က စစ်ရှောင်တွေ ထပ်ရောက်လာတာရှိတယ်။ ရုတ်တရက်ကြီး စစ်ရှောင်လာရတာဆိုတော့ ဘာပစ္စည်းမှ မယူနိုင်ကြတဲ့အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ၊ စတီးပန်းကန်တွေ လိုအပ်နေတာရှိတယ်။ တိုက်ပွဲကတော့ အခုနေ့လယ်ပိုင်းတော့ ငြိမ်နေတယ်။ ဘာသံမှ မကြားသေးဘူး” လို့ သူက ပြောပါတယ်။
မနေ့ နေ့လယ်ပိုင်းကလည်း ကွမ်းသီးပင်ကျေးရွာက နေအိမ်တအိမ်ပေါ် လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် ဒေသခံ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တောင်ငူမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ စစ်တောင်းမြစ် (အရှေ့ဘက်ပိုင်း) ရှိ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နစကတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ဖူးကာ အဲဒီအချိန်ကလည်း ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW