နိုဝင်ဘာ ၉ – ၂၀၂၄
SS (VOM)
မနေ့ နိုဝင်ဘာ ၈ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံး နဲ့ မှော်ဘီမှာပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီဝန်းကျင်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“မြောက်ဥက္ကလာ အဝိုင်းနားက လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်တာ။ ခဏနေတော့ နစက လုံခြုံရေးအဖွဲ့တွေရောက်လာတာ အများကြီးပဲတွေ့ရတယ်။ လူနာတင်ကားလည်း တွေ့တယ်။ သူတို့ (နစက) ဘက်ကလူတွေ ထိခိုက်သွားတာ ရှိတယ်ထင်တယ်။ လဲကျနေတာတွေ တွေ့ခဲ့တယ်။ နောက်တော့ လုံခြုံရေးအဖွဲ့တွေက ထုံးစံအတိုင်းပါပဲ။ လမ်းပိတ်စစ်ဆေးတာတွေ လုပ်ကြတာပေါ့” လို့ အဲဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Yangon UG People Army – YUPA နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ပြင်းအားမြင့် ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက် ၁ နာရီဝန်းကျင်က မှော်ဘီမြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသံအား အလွန်ပြင်းကာ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနိုင်တယ်လို့ မှော်ဘီမြို့အတွင်း နေထိုင်သူတွေက ပြောပါတယ်။
“ဒီတခါတော့ အသံက အကျယ်ကြီးပဲ။ အိပ်ယာတောင် လန့်နိုးတယ်။ ရပ်ကွက် အနောက်ဘက်က လယ်ကွက်တွေထဲ နှစ်လုံးကျကွဲတာ ကံသီလို့။ နို့မို့ဆို ကိုယ်တွေရပ်ကွက် ပြာကျတယ်။ ပြင်းအားကတော့ မြေကြီးတွေပါတုန်တာ။ မှော်ဘီတမြို့လုံး အကုန်ကြားတယ်။ ပစ်ခတ်သံတွေလည်း ကြားရတယ်” လို့ မှော်ဘီမြိုခံတယောက်က ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Urban Special Operation (U.S.O) အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး တာဝေးပစ် မစ်ဇိုင်းဒုံး လေးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို မှော်ဘီမြို့အတွင်း ပေါက်ကွဲမှု၊ မြောက်ဥက္ကလာလျှပ်စစ်ရုံး တိုက်ခိုက်ခံရမှုတို့နဲ့ ပတ်သက်လို့ နစကဘက်ကတော့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
Photo:CJ