ဒီဇင်ဘာ ၁၀ – ၂၀၂၄
SS (VOM)
ဖလမ်းမြို့တွင်း တိုက်ပွဲကြောင့် ကလေး – ဟားခါးယာဉ်လိုင်း ကားခ သုံးဆနီးပါး မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုတွေဆီက သိရပါတယ်။
တိုက်ပွဲကြောင့် ကလေး – ဟားခါး ယာဉ်လိုင်းတွေကို တလနီးပါးကြာ ရပ်နားခဲ့ရာမှ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်လိုင်း တလိုင်းတည်းကသာ ရိဒ်လမ်းဘက်မှပတ်ပြီး ပြန်လည် ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
“ကားခက အရင်က ဖလမ်းပေါက်တုန်းက တယောက်ကို ကျပ် တသိန်းနှစ်သောင်း။ အခုကတော့ ကျပ် သုံးသိန်းပါ။ ရိဒ်လမ်းက လမ်းလည်းကြမ်းတယ်၊ ဝေးလည်းဝေးတယ်ဆိုတော့ ကားခဈေးတက်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းဟာလည်း တပတ်မှာ နှစ်ကြိမ်လောက်သာ ပြေးဆွဲပေးနေတာဖြစ်သလို လမ်းခရီး အခြေအနေအရ လမ်းမှာ တညအိပ်ပြီး သွားလာနေရတယ်လို့ ကားသမားတယောက်က ပြောပါတယ်။
“ဒီခရီးက အရင်က ဖလမ်းကနေသွားရင် တရက်တည်းနဲ့ရောက်တယ်။ အခု ရိဒ်ဘက်နေသွားတော့ လမ်းမှာ တညအိပ်ရတယ်။ နီးစပ်ရာ ရွာတွေ၊ အလျဉ်းသင့်တဲ့နေရာတွေမှာ အိပ်ရတာပေါ့။ အခုကတော့ သွားတဲ့ခရီးသည်လည်း မများဘူး။ မသွားမဖြစ် သွားရတဲ့သူလောက်ပဲရှိတာ” လို့ သူက ပြောပါတယ်။
လမ်းခရီးကြမ်းတဲ့အတွက် ကားကြီးတွေ သွားလာလို့မရဘဲ အယ်လ်ဖာကား၊ ပေါင်မုန့်ကား၊ အန်စာတုံး စတဲ့ ကားအသေးတွေသာ သွားလာလို့ရပြီး လေးလံတဲ့ ကုန်ပစ္စည်းတွေကိုလည်း သယ်ဆောင်လို့မရဘူးလို့ သိရပါတယ်။
အဲဒီ ကလေး – ဟားခါး လမ်းကြောင်းမှာ နစကဂိတ် နှစ်ဂိတ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ဂိတ် သုံးဂိတ်ကို ဖြတ်ရပြီး စက်သုံးဆီနဲ့ ရိက္ခာခြောက်တွေကိုလည်း အများကြီး သယ်ဆောင်လို့ မရဘူးလို့ ခရီးသည်တယောက်က ပြောပါတယ်။
“ကလေးကအထွက်မှာ ဂိတ်နှစ်ဂိတ်ရှိပါတယ်။ မှတ်ပုံတင်နဲ့ ဘယ်သွားမှာလဲဆိုတာ စစ်ပါတယ်။ ၁၃/ နဲ့ ၂/ တွေဆို ပေးမဖြတ်ပါဘူး။ ကလေးကထွက်တဲ့ လိုင်းကားတွေဆိုရင် သိပ်မစစ်ပေမယ့် အိမ်စီးကား၊ ကိုယ်ပိုင်ကားဆိုရင်တော့ အစအဆုံးစစ်ပါတယ်။ ကားရှေ့ ဘောနပ်ဖုံး၊ နောက်ဖုံး၊ ထိုင်ခုံအောက်တွေအထိ စစ်တာပါ။ ဂိတ်ကြေးကတော့ ကားသမားတွေနားပဲ တောင်းတာပါ။ အနည်းဆုံးတော့ သောင်းဂဏန်းပေးရပါတယ်” လို့ သူက ပြောပါတယ်။
ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး နစကတပ်နဲ့ ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူ အားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဖလမ်းမြို့ကို ဖြတ်သန်းရတဲ့ ကလေး – ဖလမ်း – ဟားခါး လမ်းပိုင်းအားလုံးလည်း လက်ရှိအချိန်ထိ အသုံးပြုလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...