ဒီဇင်ဘာ ၁၀၊ ၂ဝ၂၄
Shy V (VOM )
ဗန်းမော် စစ်ရှောင်တွေများနေချိန် ရွှေကူ – မန္တလေး ကားခအဆ မတန် ထိုးတက်လာတဲ့ အပြင် ကားနည်းပါးလို့ အခက်အခဲဖြစ်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကား တစီးလုံး ငှားခက သိန်း ၅၀၊ ၆၀ လောက် တောင်းနေကြတယ်။ အရင်က ဗန်းမော် – မန္တလေး မှ တယောက် နှစ်သိန်းခွဲ။ ရွှေကူကဆို စျေးပိုပေါတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လူလောဘ သမားတွေ လူတအားများပြီး ကားနည်းတော့ လုပ်စားကြတာကြောင့် ရွှေကူ – မန်းလေး ကားခက အဆမတန် ခုန်တက်သွားတာလို့ သူက ပြောပါတယ်။
“ကျနော်တို့ ရပ်ကွက်ကနတာ့ အကုန် ပြေးကြတာ။ နောက်ဆုံး ကျနော်တို့ပဲ ကျန်နေတော့ မဖြစ်မနေ ပြေးရတော့တာပါ့အေ” လို့ တိုက်ပွဲ ရှောင်လာခဲ့တဲ့ သူကလည်း ပြောပါတယ်။
စရိတ်ကြီးပေမယ့် အသက်အန္တရာယ် ဖြစ်လာမှာ စိုးရိမ်တာကြောင့် ရတဲ့ နည်းလမ်းနဲ့ ထွက်လာခဲ့ရပြီး ဘေးကင်းတဲ့ နေရာရောက်တော့ ငွေက သုံးသောင်းပဲကျန်ကာ အခက်အခဲ ဖြစ်နေရတယ်လို့ သူက ပြောပါတယ်။
သက်ကြီးရွယ်အို အများစုက မရှောင်ချင်ကြတာဖြစ်ပြီး မြို့တွင်းမှာတော့ လုံးဝ ထွက်လာလို့ မရသူတွေ၊ ငွေ မရှိလို့ မရှောင်နိုင်သူတွေ အများအပြား ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ကုန်းလမ်း ပိတ်လိုက်ပြီ လို့ သိရပေမယ့် ရေလမ်းကြောင်း ကနေ ကယ်ထုတ်ပေးနေတာ ရှိတယ်လို့ ဆိုပါတယ်။
မြို့ထဲ နစက တပ်ဖွဲ့ေတွ ခိုင်ခိုင်မာမာ ရှိတဲ့ တိုက်အမြင့်တွေပေါ် နေရာယူထားပြီး နေ့တိုင်း နှစ်ဖက် တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဗန်းမော်ဘက် ဖုန်းလိုင်းတွေ ပြတ်တောက်သွားပြီဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်း သံတွေ ကြားနေရပြီး လေယာဉ် ဗုံးကြဲ တာ မြေကြီးတောင် တုန်တယ်လို့ ဗန်းမော် နဲ့ သိပ်မဝေးတဲ့ နေရာဘက် ရှောင်တိမ်းသူတွေက ပြောပါတယ်။
Photo Crd# ZLA