ဒီဇင်ဘာ ၁၁ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံ မြို့လုံးကျွတ်နီးပါး စစ်ရှောင်လျက်ရှိကြသလို သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ပြောင်းရွှေ့ဖို့ ငွေကြေးမတတ်နိုင်သူတချို့အပါအဝင် အရပ်သား တထောင်ဝန်းကျင်လောက် မြို့ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“ဒီနေ့နဲ့ဆို တိုက်ပွဲက ရှစ်ရက်ရှိလာပြီ။ မြို့ထဲနေရာ တော်တော်များများလည်း မီးလောင်နေတယ်။ ဗန်းမော်ဈေးကြီးလည်း မီးလောင်သွားပြီ။ ရဲစခန်းဘက်ရော၊ ၃ မိုင်ရပ်ကွက်ဘက်က နေအိမ်တချို့ရော၊ ၂ မိုင် ဟင်းခြံဘက်ရှိ နေအိမ်တချို့ရော မီးလောင်နေတယ်။ မြို့ထဲကလူတွေကတော့ ရတဲ့လမ်းကနေ ရသလောက် ထွက်နေကြတာပဲ” လို့ ဗန်းမော်မြို့ကနေ စစ်ရှောင်လာသူတယောက်က ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်နေတာကြောင့် လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာနေတာမှာ လက်ရှိအချိန်အထိ သေဆုံး၊ ဒဏ်ရာရသူ လူ ၂၀၀ နီးပါးလောက် ရှိနေပြီဖြစ်တယ်လို့ သိရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ ဆက်သွယ်ရေးလိုင်း အခက်အခဲနဲ့ တိုက်ပွဲအခြေအနေကြောင့် အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
“အခုက အကုန်လုံး ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတာ။ ပြေးရင်းလွှားရင်း မိသားစု ကွဲသွားတဲ့သူတွေလည်းရှိတယ်။ အဆက်အသွယ်တွေ ပြတ်ကုန်လို့ စိတ်ပူနေရတယ်။ လက်နက်ကြီးကျတာကြောင့် လူသေဆုံးတာ၊ ဒဏ်ရာရတာတွေလည်း ရှိတယ် ပြောတယ်။ ကျွန်တော်တို့လည်း မြို့ကထွက်လာနိုင်တဲ့ သူတွေဆီကနေ တဆင့်စကားနဲ့ ပြန်ကြားရတာဆိုတော့ အသေအချာတော့ မသိရသေးဘူး။ ဒီကြားထဲ အဖမ်းခံရတဲ့သူတွေလည်း ရှိနေတယ်ကြားလို့ ပိုပြီး စိတ်ပူနေရတယ်” လို့ ဗန်းမော်မြို့ခံတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ စစ်ရှောင်သွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်တွေ ဖောက်ထွင်းခိုးယူခံရမှုတွေလည်း ရှိနေပြီး ခိုးယူသူတွေက သုံးဘီးကား၊ ဆိုင်ကယ်တွေနဲ့ ရသလောက် သယ်ယူနေကြတယ်လို့ သိရပါတယ်။
လတ်တလောမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လျက်ရှိပြီး KIA ပူးပေါင်းတပ်တွေက နစက တပ်စွဲထားတဲ့ မြို့ထဲနေရာတချို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ နစကတပ်တွေအနေနဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ အပြင်းအထန် ခုခံလျက်ရှိတယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။
ဗန်းမော်မြို့အနီးရှိ ခြေလျင်တပ်ရင်း (ခလရ – ၄၇) နဲ့ မန်စီမြို့ရှိ ကျန်ရှိနေသေးတဲ့ နစကစခန်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး နီးစပ်ရာပြည်သူတွေရဲ့ ပြောကြားချက်အရ ပစ်ခတ်မှုတွေ အဓိက ဖြစ်ပွားနေတဲ့ နေရာတွေကတော့ ၂ မိုင်မှ ၆ မိုင်အထိနဲ့ နောင်ခို၊ နမ့်ဖား၊ ရွှေကျီးနားအပြင် ဖန်းခါးကုန်းတကျောတို့မှာ ပစ်ခတ်မှုတွေ ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။
Photo:CJ