ပုဏ္ဍားကျွန်းစစ်ရှောင်တွေ အရေပြားရောဂါကူးစက်မှု ဆေးဝါးမလုံလောက်လို့ ပိုမိုဆိုးရွားလာ

ဒီဇင်ဘာ ၁၃ – ၂၀၂၄
GG (VOM)
ရခိုင်ပြည်နယ် ၊ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် အရေပြားရောဂါဖြစ်ပွားမှုနူန်း မြင့် လာပြီး လူဦးရေထောင်ဂဏန်းအထိ ရောဂါကူးစက်မှုရှိလာနေတယ်လို့ သိရပါတယ်။
အရေပြားရောဂါအတွက် ယားနာလိမ်းဆေးတွေပြတ်တောက်ခြင်း ၊ ဆေးဝါးစျေးနူန်းတွေကြီးမြင့်ခြင်း ၊စစ်ရှောင်လူဦးရေများခြင်း စတဲ့အခက်အခဲတွေကြောင့် စစ်ရှောင်တွေမှာဖြစ်ပွားနေတဲ့အရေပြားရောဂါကို ထိရောက်တဲ့ကုသမှုမပေးနိုင်တာကြောင့် ရောဂါဖြစ်ပွားမှာကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရောဂါကူးစက်မှုနူန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။
” ဆေးဝါးတွေပြတ်နေတော့ ရောဂါဖြစ်သူတွေကိုလိမ်းဆေးတွေလည်း မပေးနိုင်ဘူး။ ဆေးမရှိတော့ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ဘူးဖြစ်နေတာပေါ့။ ယားနာတကိုယ်လုံးပေါက်သူတွေလည်း ရှိတယ်။ဆေးဝါးတွေမလုံမလောက်တာရယ် ရှိတဲ့ဆေးတွေကျတော့ လဲ စျေးကြီးတာကြောင့်ပါတယ်။ နောက်ပြီးရေမသန့်တာ၊ လူဦးရေပြွတ်သိပ်တာ၊လေထုမသန့်တာတွေကြောင့်လည်းပါတယ်။” လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တယောက်ကပြောပါတယ်။
အရေပြားရောဂါ ဖြစ်ပွားနေသူတွေထဲမှာတော့ လူကြီးတွေ၊ကလေးငယ် အပါအဝင် အသက်အရွယ်အစုံမှာ ရောဂါဖြစ်ပွားမှုရှိပြီး ခုနောက်ပိုင်းမှာတော့ ကလေးငယ်တွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ပိုများလာတယ်လို့သိရပါတယ်။
အရေပြားရောဂါကူးစက်မှုအများဆုံးကတော့ ပန်းနီလာ စစ်ရှောင်စခန်းနဲ့ ယိုးငူစစ်ရှောင်စခန်းတို့ဖြစ်ပြီး ကျန်တဲ့ အခြားစစ်ဘေးရှောင်စခန်းတွေမှာလည်း အရေပြားရောဂါခံစားနေရသူတွေ အများအပြားရှိနေတာဖြစ်တယ်လ ို့သိရပါတယ်။
” ဖြစ်တဲ့ပုံစံကပထမ အရေပြားတွေ ယားယံတာ ဖြစ်တယ်။ယား တာကို ကုပ် ခြစ်လိုက် တော့သွေးစို လာတယ်။အဲဒီမှာသွေးနဲ့ ပါလာတဲ့ အရည် တွေက တခြားနေရာတွေ ကို ထိတွေ့တော့ အနာတွေက ပိုပွားလာတယ် ။မိဘ ဂရုစိုက်မှု အားနည်း တဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။ခန္ဓာကိုယ်မှာ ပိုအဖြစ်များတဲ့နေရာတွေကတော့ ခြေထောက် နဲ့ နေရောင်ခြည်ထိတွေ့မှုနည်းတဲ့ နေရာတွေ ပါ။” လို့ သူကထပ်မံပြောပါတယ်။
စစ်ဘေးရှောင်တွေမှာ ဇွန်လအစောပိုင်းလောက်ကတည်းက အရေပြားရောဂါကူးစက်ဖြစ်ပွားနေတာ ဖြစ်ပေမယ့် ဆေးဝါးပြတ်တောက်မှုကြောင့် လုံလောက်တဲ့ကုသမှုမလုပ်နိုင်ခဲ့တဲ့အတွက် ဩဂုတ်လမှာ ကူးစက်မှုပိုမြင့်လာကြောင်း၊အဲဒီနောက်အောက်တို ဘာလမှာကူးစက်မှုထပ်မံမြင့်တက်လာကာ လက်ရှိဒီဇင်ဘာမှာတော့ လူဦးရေထောင်နဲ့ချီကူးစက်ခံနေရပြီဖြစ်တယ်လို့သိရပါတယ်။
ပုဏ္ဍားကျွန်း မြို့နယ်ထဲမှာ စစ်ဘေးရှောင်စခန်းအဖြစ်သတ်မှတ်ထားတာ စခန်းဆယ်ခုရှိပြီး အခြားစစ်ဘေးရှောင်အများအပြားလည်းရှိကြောင်း၊ စစ်ရှောင်ပြည်သူ တသိန်းနီးပါးရှိတယ်လို့သိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ AA နဲ့နစကအကြားတိုက်ပွဲတွေကြောင့် မြို့နယ်တခုနဲ့တခုကိုသွားလာရေးခက်ခဲတဲ့အပြင် ဆေးဝါးတွေကိုလည်း တရားဝင်သယ်ယူခွင့်မပြုထားတဲ့သလို တင်သွင်းခွင့်လည်းပိတ်ထားတဲ့အတွက်ပုဏ္ဍားကျွန်းမြို့နယ်မှာ ဆေးဝါးတွေကအဆမတန်စျေးမြင့်ပြီး ဆေးဝါးပြတ်တောက်မှုတွေရှိနေတာဖြစ်ပါတယ်။လက်ရှိမှာ ပုဏ္ဍားကျွန်းမြို့က နစကထိန်းချုပ်မှုအောက်မှာမရှိဘဲ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW