ဗန်းမော်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေ

ဒီဇင်ဘာ ၁၃ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေး တိမ်းရှောင်သူတွေနဲ့ မြို့ထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ အဲဒီဒေသခံတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
“ဗန်းမော်က ပြည်သူအများစုကတော့ စစ်ရှောင်နေကြပေမယ့် ကျန်တဲ့သူကတော့ ကျန်နေသေးတယ်။ စစ်ရှောင်က သောင်းဂဏန်းလောက်၊ မြို့ထဲ ကျန်တဲ့သူက ထောင်ဂဏန်းလောက် ရှိမယ်။ ကျန်နေတဲ့သူတွေ ဘေးလွတ်ရာထွက်နိုင်ဖို့လည်း အကူအညီတွေ လိုသလို စစ်ရှောင်လာကြတဲ့ ပြည်သူတွေ ဘေးကင်းရာကို လုံလုံခြုံခြုံနဲ့ ရောက်ရှိနိုင်ဖို့လည်း အကူအညီတွေ အများကြီးလိုပါတယ်။ ကားအကူအညီ၊ ဆီဖိုး၊ လမ်းခရီးအတွက် လိုအပ်တဲ့စရိတ်စက၊ အဲဒါတွေ အလုံအလောက်မရှိဘဲ ကယ်ဆယ်ရေး တခေါက်ပြီးရင် နောက်တခေါက် လုပ်နိုင်ဖို့ မလွယ်ဘူး။ ပရဟိတသမားတွေ၊ အသင်းအဖွဲ့တွေလည်း အများကြီးရှိလာဖို့ လိုသလို အလှူရှင်တွေလည်း အများကြီး လိုအပ်နေပါတယ်” လို့ ဗန်းမော်စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
ဗန်းမော်မြို့မှ တိမ်းရှောင်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နဲ့ ၇ ရက်တွေမှာ ရေလမ်းနဲ့ ညောင်ပင်သာလမ်းပိုင်းသာ ထွက်ပေါက်ရှိခဲ့ပြီး နောက်ရက်တွေမှာတော့ ကုန်းလမ်းပိုင်းကိုပါ အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိက စစ်ရှောင်တွေက ရတဲ့လမ်းကနေ ရသလလို၊ အဆင်ပြေသလို ထွက်နေကြတာ။ တချို့က လမ်းမှာတင် ဘယ်မှ ဆက်မသွားနိုင်ဘဲ အခက်အခဲဖြစ်နေတာတွေရှိတယ်။ တချို့ လမ်းကြောင်းတွေက အဖမ်းအဆီးတွေရှိတယ်။ အစစ်အဆေးတွေလည်း အများကြီးရှိတယ်။ ပစ်ခတ်တာတွေ ရှိတယ်။ တနေရာကနေ တနေရာရောက်ဖို့ ကားလည်းအရမ်းရှားတယ်။ တချို့က ဗန်းမော်ကနေ မန္တလေးကိုရောက်ဖို့ လမ်းမှာ သုံးညအိပ်ရတယ်။ လေးရက်လောက်ကြာမှ မန္တလေးကိုရောက်ကြတာရှိတယ်” လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
ဒါအပြင် ဗန်းမော်မြို့ခံတွေ စစ်ဘေး တိမ်းရှောင်သွားကြချိန် မြို့အတွင်းက လူမနေတဲ့ အိမ်တွေနဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်း ခိုးယူခံရမှုတွေလည်း ရှိနေပြီး ဆိုင်ကယ်တွေနဲ့ ရသလောက် ပေါ်ပေါ်ထင်ထင် လာရောက် သယ်ယူနေကြတယ်လို့ စစ်ရှောင်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“လူတွေ အများကြီးရောက်လာပြီး ဆိုင်တံခါးတွေဖျက်၊ အိမ်တွေဖောက်ပြီး ပေါ်ပေါ်ထင်ထင်ကို အေးအေးဆေးဆေး ယူနေကြတာ။ ပစ္စည်းတွေကို လူကိုယ်တိုင် သယ်သွားကြတာရှိသလို ဆိုင်ကယ်တွေနဲ့ ရသလောက် တင်သွားကြတာရှိတယ်။ သူခိုးဆိုလို့ ခိုးကြောင်ခိုးဝှက် တယောက်စ၊ နှစ်ယောက်စ မဟုတ်ဘူး။ လူတွေ အုပ်စုလိုက်ကြီး ရောက်လာကြပြီး ပစ္စည်းတွေ သယ်နေကြတာ” လို့ သူက ပြောပါတယ်။
ဗန်းမော်မြို့ဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ – ၂၃၆၊ ၄၇ နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ – ၃၃၆ ၊ ၃၀၄ ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်တွေအပြင် လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
စကခ -၂၁ နဲ့ ခလရ – ၂၃၆ အပါအဝင် လက်ရုံးတပ်အများစုမှာ ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့ကိုသွားတဲ့ လမ်းမပေါ်မှာရှိပြီး ခလရ – ၄၇ မှာ ဗန်းမော်မြို့တောင်ဘက် မံစီမြို့ဘက်ကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် တမြို့လုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးဘဲ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။
လက်ရှိမှာ မည်သည့် တပ်ရင်းတွေကို KIA က သိမ်းပိုက်ရရှိထားကြောင်း အတည်မပြုနိုင်သေးပေမယ့် နောင်ခို (စကစ – ၂၁ အနီး)၊ ခိုကျင် (နည်းပညာတက္ကသိုလ်အနီး) နဲ့ ၂ မိုင်၊ ၃ မိုင်၊ ၄ မိုင်၊ ၆ မိုင်၊ နမ့်ဖားနဲ့ မြို့ထဲရှိ ကျန်ရှိနေသေးတဲ့ နစကတပ်တွေရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် မြို့ထဲရှိနေရာတချို့မှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေကာ ရဲစခန်း၊ ထွေအုပ်ရုံး၊ “စံ” ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ FriendShip Hotel ၊ ၂ မိုင်နားရှိ နေအိမ်တချို့၊ ခွန်သာရပ်ကွက်နဲ့ အလယ်ရပ်ရှိ နေအိမ်တွေလည်း မီးလောင်နေပြီး ခလရ – ၄၇ နဲ့ မန်စီရှိ ကျန်ရှိနေသေးတဲ့ တပ်စခန်း သုံးခုမှာလည်း တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။
ဗန်းမော်မြို့ဟာ ၂၀၂၄ သန်းခေါင်စာရင်းအရ လူဦးရေ တသိန်းတသောင်းကျော် နေထိုင်ပြီးတိုက်ပွဲတွေ မဖြစ်ပွားခင်မှာ မိုးမောက်၊ မံစီနဲ့ အောက်ချောင်းကျေးရွာ ဒေသတွေက လူဦးရေသောင်းနဲ့ချီ လာရောက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW