ဒီဇင်ဘာ ၁၄ – ၂၀၂၄
SS (VOM)
ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ နစကတပ်နဲ့ ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ဖလမ်းနဲ့ မင်းတပ်မြို့ပေါ်က နစကတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံတွေ မီးလောင်တာ၊ လူသေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“မြို့တွေထဲမှာတော့ နေထိုင်သူ လုံးဝ မရှိသလောက်ပဲ။ နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ပွဲစဖြစ်တာဆိုတော့ နိုဝင်ဘာ ၁၁ ရက်လောက်မှာတော့ မြို့လုံးကျွတ်အားလုံးနီးပါး စစ်ဘေးရှောင်ကြတာ။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ ရွှေ့ပြောင်းဖို့ အဆင်မပြေတဲ့သူတွေလောက်ပဲ ကျန်တယ်။ တချို့ တိုက်ပွဲကြား ပိတ်မိနေတာရှိတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ကြာလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား ပိုမို များပြားလာနေပြီး မြို့ခံအားလုံးနီးပါးဟာ နီးစပ်ရာ ကျေးရွာတွေအပြင် ဟားခါး၊ ကလေး၊ ရန်ကုန်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ နေထိုင်ရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲအပြင် ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေပြီး အချိန်ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေလည်း နည်းပါးလာနေတယ်လို့ သူက ပြောပါတယ်။
“အခုက မြို့တွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကတော့ နေ့တိုင်းကိုရှိနေတယ်။ မြို့ထဲကျန်ခဲ့တဲ့သူတွေအတွက် စိုးရိမ်နေရတယ်။ ညဘက်တွေလည်း ကောင်းကောင်းမအိပ်ရဘူး။ အိမ်တွေလည်း ပျက်စီးကုန်တာ မနည်းဘူး။ လူအသေအပျောက်လည်းရှိတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်” လို့ ဖလမ်းမြို့ပေါ်ကနေ စစ်ဘေးရှောင်လာသူတယောက်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲကာလ တလနီးပါး ရှိလာပြီဖြစ်ပြီး ချင်းညီနောင်ပူးပေါင်းအဖွဲ့က ဖလမ်းမြို့နဲ့ မင်းတပ်မြို့က နစကစခန်း တော်တော်များများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ မြို့တွေကိုတော့ အလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမျိုး မရှိသေးဘူးလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ မင်းတပ်မြို့တိုက်ပွဲနဲ့ ပတ်သက်လို့ ရေးသား ဖော်ပြချက်မှာတော့ မင်းတပ်မြို့ ရဲစခန်းနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၇၄) ကို ဒေသတွင်း လက်နက်ကိုင်တွေက Drop Bomb ၊ RPG ၊ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အသုံးပြုပြီး တိုက်ခိုက်နေတာ တလကျော် ရှိနေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။
ဖလမ်းနဲ့ မင်းတပ်မြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ချင်းညီနောင် မဟာမိတ် တပ်ဖွဲ့တွေဘက်ကပါ လက်ရှိအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ချင်းပြည်နယ်မှာတော့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေကို ထိန်းချုပ်ထားပြီး ပလက်ဝနဲ့ ဆမီးမြို့ကိုတော့ AA က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
Photo:CJ