ဒီဇင်ဘာ ၂၆ – ၂၀၂၄
SN (VOM)
မကွေးတိုင်း၊ ကမ္မမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် မြို့ပေါ်က ပြည်သူ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းကစပြီး နစကစစ်ကြောင်း ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် ကမ္မမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနဲ့ အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာမှသောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“နစကတပ်တွေက ညောင်ဂျစ်ပင်နဲ့ ရေလာလေးရွာမှာရှိတဲ့ စခန်းတွေကနေ ဒီဘက်ကိုရောက်လာတာ။ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာပေါ့။ ဒီနေ့မနက်ဆို ကမ္မအရှေ့ဘက် နတ်စဉ်ခွက်ကို ကျော်နေပြီ။ တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်လို့ မြို့ပေါ်မှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ တော်တော်များများ စစ်ရှောင်ကုန်ကြတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကမ္မမြို့နဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ရေလာလေးကျေးရွာကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
အဲဒီနောက် နစက ပူးပေါင်းတပ်တွေဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး ကမ္မမြို့ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ သဘောပါ။ နေအိမ် မီးလောင် ပျက်စီးသွားတာတွေလည်း ရှိတယ်။ ဝါးကျွန်းတွင်းရွာက စာသင်ကျောင်းလည်း ပါသွားတယ်။ ပစ်ခတ်မှုတွေလည်း ရှိတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်တွေကလည်း ဒေသခံတွေကို ကမ္မမြိုင်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကမ္မမြို့ဟာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ထဲမှာ ပါဝင်ပြီး ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်ရှိကာ လူဦးရေ တသိန်းကျော်ဝန်းကျင် နေထိုင်တဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ