စမ်းချောင်းမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး လူသုံးယောက်ဒဏ်ရာရ ၊ ကားသုံးစီးပျက်စီး

ဒီဇင်ဘာ ၃၀ – ၂၀၂၄
GG (VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားသုံးစီးလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုတွေက စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်မှာရှိတဲ့ ပန်းလှိုင်မိသားစု ဆေးခန်း ရှေ့မှာ မနက် ၉ နာရီကျော်လောက်မှာပထမအကြိမ်ပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် အခန်းရှေ့မှာ ရပ်ထားတဲ့ ကားနှစ်စီးနဲ့ မီးစက်နှစ်လုံးပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နောက်ထပ် မနက်၁၁ နာရီလောက်မှာလည်းကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကာ လူသုံးယောက်နဲ့ကားတစီးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
” ပေါက်ကွဲသံတွေတော့ကြားတယ်။ သေချာဘယ်သူမှသွားမကြည့်ရဲဘူးလေ။နေ့ခင်း ၁ နာရီကျော်လောက်အထိကို စစ်ဆေးမှုတွေကရှိတယ်။အဲဒီရပ်ကွက်မှာက ယုန်လေးအိမ်ရှိတယ်။ အခုပေါက်ကွဲတာလည်းသူ့ကားပါတယ်ပြောတယ်။အဆောက်အဦးတွေလည်းပျက်စီးတယ်။ ” လို့ ဒေသခံကပြောပါတယ်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရှိရသေးပါဘူး။ဖောက်ခွဲမှုနဲ့ပတ်သက်လို့ ခုချိန်ထိတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုသူတို့လည သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းကလည်း လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းနဲ့ အဖွဲ့ဝင် နှစ် ယောက်ဟာပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW